ထောင် ၆ နှစ်ချခံရသည့် ကချင်ဘာသာရေးခေါင်းဆောင် လွတ်ငြိမ်းဖြင့် ပြန်လွတ်

Author ကိုထားဝယ်
Categories
Published on Apr 17, 2024

စစ်ကောင်စီ တရားရုံး၏ ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရသော ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာ ခလမ်ဆမ်ဆွန် ယနေ့ မြန်မာနှစ်သစ်ကူးလွတ်ငြိမ်းအတွင်း ပါဝင်လာသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌဟောင်းသည် မြစ်ကြီးနားအကျဉ်းထောင်မှ ယနေ့ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း KBC က အတည်ပြုထုတ်ပြန်သည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ကချင်ပြည်၊ လိုင်ဇာမြို့သို့ သွားရောက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း(KIO/KIA) ခေါင်းဆောင်များပါဝင်သည့် အစည်းအဝေးတစ်ခုသို့ တက်ရောက်ခဲ့သည်။

ထို့ကြောင့် ဒီဇင်ဘာ ၅ ရက်နေ့တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဆေးကုရန်သွားစဉ် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ဗိုလ်မှူး သူအောင်ဇော်ဆိုသူက တရားလိုပြုလုပ်၍ ပုဒ်မ ၃ ခုတပ်ပြီး တရားစွဲဆိုခဲ့သည်။

အာဏာမသိမ်းမီက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီးစပ်မှုရှိခဲ့သည့် ကချင်ဘာသာရေးခေါင်းဆောင်သည် မတရားအသင်းအက်ဥပ‌ဒ ပုဒ်မ ၁၇(၁)နှင့် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ပြီးခဲ့သည့်နှစ် ဧပြီလ ၇ ရက်နေ့က ချမှတ်ခံလိုက်ရခြင်းဖြစ်သည်။

ထို့ကြောင့် KBC ဥက္ကဋ္ဌဟောင်းသည် ထောင်ချခံရပြီး ၁ နှစ်နှင့် ၁၀ ရက်အကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက ၅၀၅(က)ဖြင့် ဖမ်းဆီး၍ ထောင်ဒဏ် သုံးနှစ်ချခံခဲ့ရသော ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင် ဦးသန့်ဇင်ထွန်းလည်း လွတ်မြောက်လာခဲ့သည်။

 

ယနေ့မြန်မာ့နှစ်သစ်ကူးလွတ်ငြိမ်းခွင့်အဖြစ် စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသူ/သား ၃၃၀၃ ဦးကို လွှတ်ပေးခဲ့သည်။

 

ဓာတ်ပုံ – KBC