ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရန် ခိုင်ခိုင်မာမာရည်မှန်းချက်ထား ကြိုးပမ်းနေဟု စစ်ခေါင်းဆောင်ဆို

Author ကိုထားဝယ်
Categories
Published on Apr 17, 2024

တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ သဘောဆန္ဒကို မျက်ကွယ်ပြု မတရားအာဏာသိမ်းခဲ့သော စစ်ခေါင်းဆောင်က ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရန် ခိုင်ခိုင်မာမာရည်မှန်းချက်ထား ကြိုးပမ်းနေကြောင်း ယနေ့ နှစ်ဆန်းတစ်ရက် ဧပြီ ၁၇ ရက်တွင် ၎င်း၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားအတွင်း ထည့်သွင်းပြောကြားသည်။

 

“ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ပြည်သူအားလုံး လိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မယိမ်းယိုင်စေဖို့ ဥပဒေနှင့်အညီ ထိန်းသိမ်းတည့်မတ်ပေးနေသလို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက်လည်း ခိုင်မာတဲ့ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။

 

စစ်အုပ်စုကြောင့် ဒုက္ခအတိရောက်နေကြသည့် မြန်မာပြည်သူ/သားများကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်သစ်ကူးအခါသမယဆုတောင်းစကားပြောကြားရာတွင် “ဘေးဘယာများ ကင်းဝေးကြပါစေ” ဟု ထည့်သွင်းပြောကြားသည်။

 

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီးဖြစ်ပြီး ယခုနှစ်သစ်တွင် စစ်ကောင်စီအနေဖြင့် ပြည်သူအားလုံးနှင့်အတူ မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်အောင် ဆက်လက်ရင်ဆိုင်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးက ကြုံးဝါးသည်။

 

၎င်း၏ မိန့်ခွန်းအတွင်း နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးတို့ကို အဓိကထားထည့်သွင်းပြောကြားခဲ့သည်ကို တွေ့မြင်ရသည်။

 

စစ်ကောင်စီလက်အောက်ခံကျောင်းများသို့ လာမည့်ကျောင်းအပ်ရာသီတွင် မဖြစ်မနေကျောင်းအပ်နှံကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းသည်။

 

“အထူးသဖြင့် ပညာရေးကဏ္ဍမြှင့်တင်ရေးဟာ နိုင်ငံအတွက် အရေးကြီးပါတယ်။ ကျွန်တော့်အနေနဲ့ အထူးမေတ္တာရပ်ခံလိုတာကတော့ လာမယ့်ပညာသင်နှစ်မှာ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေး နိုင်ငံသူနိုင်ငံသားများအားလုံး ပူးပေါင်းဆောင်ရွက်ပေးစေလိုပါတယ်” ဟု ၎င်းက တိုက်တွန်းပြောကြားသည်။

 

စီးပွားရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ်အတွင်း ပြည်ပကုမ္ပဏီများစွာ အရှုံးခံ ပြန်လည်ရောင်းချ၍ ပြန်လည်ထွက်ခွာနေသကဲ့သို့ ပြည်တွင်းလုပ်ငန်းနှင့် စက်ရုံပေါင်းများစွာ ပိတ်သိမ်းနေရသော်လည်း တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

 

“အခက်အခဲ အကျပ်အတည်းမျိုးစုံကြားက နိုင်ငံ့စီးပွားအတိုင်းအတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပိတ်ဆို့တားဆီးမှုအပါအဝင် အခက်အခဲအချို့သာမရှိခဲ့ရင် နိုင်ငံ့စီးပွားဟာ ဒီထက်မက များစွာတိုးတက်နေမှာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု တစ်နိုင်ငံလုံးစီးပွားရေးကိုချုပ်ကိုင်ထားသော စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားသည်။

 

လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အာဏာရှင် စစ်ကောင်စီတပ်ကို တွန်းလှန်တိုက်ခိုက်နေရသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံများ၏ အကြမ်းဖက်မှုများကြောင့် အေးအေးချမ်းချမ်းမနေရသော်လည်း ၎င်းက “နိုင်ငံရဲ့ငြိမ်းချမ်းရေးကို ရေတိုကာလအတွက်မဟုတ်ဘဲ အနာဂတ်မျိုးဆက်များအထိ တည်တံ့နေတဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

 

အဆုံးတွင် “စုပေါင်းညီညာ အောင်ကြောင်းဖြာ”၊ “ကြိုးစားအားထုတ်မှုကောင်းမှ ရလဒ်ကောင်းမည်” ဆိုသည့်စကားလုံးများဖြင့် တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်ပေးရန် တောင်းဆိုသွားသည်။

 

ဓာတ်ပုံ – MOI