စစ်ကိုင်းနှင့်မကွေး မှတ်ပုံတင်ကိုင်ဆောင်ထားသည့် ခရီးသွားများထံမှ စစ်ကောင်စီငွေညှစ်နေ

Author လင်းခိုင်
Categories
Published on Sep 27, 2022

စစ်ကိုင်း(၅/)နှင့် မကွေး(၈/)မှ တ်ပုံတင်ကိုင်ဆောင်ထားသည့် ခရီးသွားပြည်သူများအား စစ်ကောင်စီမှ စစ်ဆေးမည်ဟု အကြောင်းပြကာ ငွေကြေးကောက်ခံမှုများပြုလုပ်နေကြောင်း CJ Platform မြေပြင်သတင်းထောက်၏ မျက်မြင်တွေ့ရှိမှုများအရ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လုံခြုံရေးအတွက်ဟုဆိုကာ ဂိတ်များချထားပြီး စစ်ကိုင်းနှင့် မကွေးမှ ခရီးသွားလာသည့်သူများအား အဓိကမေးမြန်းပြီး ငွေတောင်းခံခြင်းဖြစ်ကြောင်း CJ Platform မြေပြင်သတင်းထောက်၏ မေးမြန်းမှုများအရ သိရသည်။
“သမီးတို့ မုံရွာကနေ မန္တလေးကားဝင်းထိ ဘာမှအစစ်အဆေးမရှိဘူး။ မန္တလေးကနေ မော်လမြိုင်သွားတဲ့လမ်း ပဲခူးဖက်ကိုကူး ၂၉မိုင်နားမှာ စစ်သားတွေက သမီးတို့၅/ဖြစ်တဲ့အတွက် စစ်ရမယ်ဆိုပြီခေါ်တယ်၊ ပြီးတော့ပိုက်ဆံတောင်းတယ်၊ တစ်ယောက်ကို တစ်ထောင်နဲ့ သုံးထောင်ပေးလိုက်ရတယ်”ဟု မုံရွာမြို့မှ မော်လမြိုင်သို့ ခရီးသွားလာခဲ့သည့် အမျိုးသမီးတစ်ဦးမှ CJ Platformကို ပြောသည်။
စစ်ကောင်စီတပ်သားများသည် အကြောင်းအမျိုးမျိုးပြပြီး ပြသနာရှာကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်းတွင်
မကြာခဏခရီးသွာလာသည့် အသက်လေးဆယ်အရွယ်အမျိုးသားတစ်ဦးက ပြောကြားသည်။
“သူတို့နဲ့ပြသနာမတက်ခြင်လို့ တောင်းရင်ပေးလိုက်တယ်။ တစ်သောင်းပေးတစ်သောင်းယူ ပြန်အမ်းတာ ဘာညာကတော့ မျှော်လင့်မနေနဲ့”ဟု ပြောကြားသည်။
လက်ရှိ တိုင်းပြည်အခြေအနေ မငြိမ်သက်သည့်အတွက် ခရီးသွားပြည်သူနည်းပါးနေကြောင်း ခရီးသည်တင်ယာဥ်လိုင်းအများစုသည် ကုန်တင်ပြီး စရိတ်ကာမိရန် ယာဥ်လိုင်းပြေးဆွဲနေရပြီး ခရီးသည်တင်ယာဥ်တွင် ကုန်တင်ထားသည့်ကားများထံမှလည်း စစ်ကောင်စီတပ်သားများမှ ငွေကောက်ခံမှုများ ပြုလုပ်နေသည်။
“ကြားရက်တွေမှာဆို ကားမှာခရီးသည် အများဆုံးပါဆယ်ယောက်လောက်ပဲ၊ အခုဆီစျေးနဲ့က ဘယ်လိုမှကို မကိုက်ကြဖူး အဲ့ဒါကြောင့် ယာဥ်ပေါ်ကုန်တင်ပြီး ကာမိအောင်လို့လုပ်နေရတယ်။ အမြန်လမ်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တိုင်းကို ပေးရတယ်”ဟု ခရီးသည်တင်ယာဥ်မောင်းတစ်ဦးက CJ Platformကိုပြောကြားသည်။
လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် မီးသတ်အဝိုင်း (မြန်မာကိုင်ဒိုလမ်းကြား)ရှိ H&Mကုန်အမှတ်တံဆိပ်ကို ချုပ်လုပ်နေသည့် တရုတ်နိုင်ငံသားပိုင်စက်ရုံတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း မှတ်ပုံတင်များ ကိုင်ဆောင်ထားသည့် အလုပ်သမား၁၀၀ ကျော်ကို ခြိမ်းခြောက်အလုပ်ဖြုတ်သည့် ဖြစ်စဥ်တစ်ခုလဲ ဖြစ်ပွားခဲ့သေးသည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ဒေသခံများကို အလုပ်လုပ်ကိုင်ခြင်း ခရီးသွားလာခြင်းများတွင် အကြောင်းအမျိုးမျိုးပြကာ ဖိနှိပ်ချုပ်ခြယ်မှုများပြုလုပ်နေခြင်း ဖြစ်သည်။