‘မြို့ပြလွတ်လပ်ရေး’ စစ်ဆင်ရေး စတင်ပြီဟု Dark Shadow အဖွဲ့ကြေညာ

Author လဂွန်းအိမ်
Categories
Published on Apr 10, 2024

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့မရဲစခန်းကို ယမန်နေ့ ဧပြီလ ၉ ရက် ညပိုင်းက ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးနောက် Urban Freedom(မြို့ပြလွတ်လပ်ရေး)ဆိုသည့်စစ်ဆင်ရေးစတင်ပြီဖြစ်ကြောင်း Dark Shadow တာဝန်ခံ ရဲဘော် ပန်ဒါက CJ Platform သို့ပြောသည်။

 

ထိုရဲစခန်းကို ပြင်းအားမြင့်မိုင်းများအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ရန်ရည်ရွယ်ခဲ့သော်လည်း သတ်မှတ်တိုက်ခိုက်ချိန်တွင် အဖွဲ့ဝင်များ မြေပြင်လုံခြုံရေးအခြေအနေကြောင့် အခြားမိုင်းများသာတပ်ဆင်ထားနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

 

မင်္ဂလာဒုံမြို့မရဲစခန်းတွင် တပ်ဆင်ထားသည့် မိုင်းများကို စစ်ကောင်စီတပ်သားများက ယနေ့ ဧပြီ ၁၀ ရက်နေ့တွင် ရှင်းလင်းစဉ် ပေါက်ကွဲ၍ စစ်ကောင်စီတပ်သား သုံးဦးဒဏ်ရာပြင်းထန်ပြီး တစ်ဦး အသက်အန္တရာယ်စိုးရိမ်ရကြောင်း Dark Shadow အဖွဲ့က ဆိုသည်။

 

မြန်မာနိုင်ငံတစ်ဝှမ်းတွင် တော်လှန်ရေးအရှိန်မြင့်လာပြီး နယ်မြေစိုးမိုးမှုရရှိနေချိန် မြို့ပြများပါမကျန်စေရန်နှင့် စစ်ကောင်စီ၏ ဖိနှိပ်မှု၊ အုပ်ချုပ်မှုများကို မလွှဲမရှောင်နိုင် အံကြိတ်ရှင်သန်နေရသည့် မြို့ပြပြည်သူများအတွက် ယခုစစ်ဆင်ရေးကို ဖော်ဆောင်ရခြင်းဖြစ်ပြီး တိုက်ခိုက်မှုများ အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု Dark Shadow အဖွဲ့ တာဝန်ခံ ရဲဘော် ပန်ဒါက ပြောသည်။

 

“သေချာတာကတော့ စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်မှန်သမျှ တိုက်ခိုက်သွားမှာပါ။ ဘယ်လို ရှယ်ပလန်နဲ့ လာမလဲဆိုတာ Mission ဖြစ်တဲ့အခါ တွေ့ပါလိမ့်မယ်။ စောင်ကြည့်ပါ” ဟု CJ Platform ၏ မြို့ပြလွတ်လပ်ရေး စစ်ဆင်ရေးကို မည်သို့မည်ပုံဖော်ဆောင်သွားမည်ဆိုသည့်မေးခွန်းအပေါ် ရဲဘော်ပန်ဒါက ပြန်လည်ဖြေဆိုသည်။

 

Dark Shadow အဖွဲ့သည် စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်လေ့ရှိပြီး မင်္ဂလာဒုံလေတပ်ဝန်း၊ အမှတ် ၁ တပ်မတော်စစ်သား စုဆောင်းရေးတပ်နှင့် အင်းစိန်မြို့နယ် ဦးပိုင်ယာဉ်ရပ်နားစခန်းတို့ကို မတ်လ ၂၉ ရက်နေ့က ပြင်းအားမြင့်မိုင်းများဖြင့် တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင်လည်း အမှတ် ၁ ကုတင်တစ်ထောင်စစ်ဆေးရုံကို Drone နည်းပညာအသုံးပြုတိုက်ခိုက်ခဲ့သည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်