ရန်ကုန်တွင် သင်္ကြန်ရက်များအတွင်း မီးပျက်မည်ဟု စစ်ကောင်စီတိုင်းလျှပ်စစ်ကြေညာ

Author ကိုထားဝယ်
Categories
Published on Apr 10, 2024

မီးမလာချိန်များသော စီးပွားရေးမြို့တော် ရန်ကုန်တွင် သင်္ကြန်ရက်များအပါအဝင် ရှစ်ရက်ဆက် မီးပျက်ဦးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ယနေ့ထုတ်ပြန်ကြေညာသည်။

 

ဧပြီ ၁၀ ရက်မှ ၁၇ ရက်အထိ ရန်ကုန်တိုင်းသို့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့နေသော ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်သည့်အတွက်ဟု အကြောင်းပြသည်။

 

ထိုသို့ပြုပြင်နေစဉ်အတွင်း သဘာဝဓာတ်ငွေ့ဖြင့် မောင်းနှင်နေသော  ဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု လျော့နည်းနေမည်ဖြစ်သည်ဟု YESC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့ကြောင့် ယင်းကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းမည်ဖြစ်၍ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ထိုသို့ YESC က မကြေညာမီ ယခုလဆန်းပိုင်းမှစတင်၍ ရန်ကုန်အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်မီးပြတ်တောက်မှုဆိုးဆိုးရွားရွားဖြစ်ပေါ်နေခြင်းဖြစ်သည်။

 

“မီးကပျက်တာ မဟုတ်ဘူး။ လာကို မလာတာ” ဟု ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူတစ်ဦးက CJ Platform သို့ပြောသည်။

 

အချိန်ပိုင်းဖြင့် မီးပေးနေသော မြောက်ဥက္ကလာပမြို့နယ်အတွင်း နေထိုင်သူတစ်ဦးကလည်း “မီးကလာချိန်တောင်မမှန်ပါဘူးဗျာ။ ညက ဘောလုံးပွဲတောင် တစ်ပိုင်း(၄၅ မိနစ်)ပဲ တီဗွီနဲ့ကြည့်လိုက်ရတယ်” ဟု CJ Platform သို့ပြောသည်။

 

ဓာတ်ပုံ – MOEP