မှော်ဘီရှိ ကြက်အစာစပ်စက်ရုံ တစ်နာရီကျော်ကြာမီးလောင်မှုကြောင့် တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

Author ကိုထက်
Categories
Published on Apr 08, 2024

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်ရှိ JAPFA comfeed Myanmar အမည်ရှိ ကြက်အစာစပ်စက်ရုံတွင် ယမန်နေ့ ဧပြီလ ၇ ရက်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရကြောင်း မြို့ခံလူမှုကူညီရေးအသင်းတစ်ခုထံမှ သိရသည်

 

ယမန်နေ့ ညနေ ၄ နာရီ ၂၄ မိနစ်က စက်ရုံဘွိုင်လာအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၅ နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

“မနေ့က ညနေ ၄ နာရီခွဲလောက်ကလောင်တာဗျ။ ပိတ်ရက်ဆိုတော့ အထဲမှာဝန်ထမ်းတွေအများကြီးမရှိဘူး။ ငါးလွှာမှာ ပိတ်မိနေလို့ခုန်ချတဲ့တစ်ယောက်ကတော့ မီးလောင်ဒဏ်ရာရယ် ခြေကျိုး၊ လက်ကျိုးဒဏ်ရာတွေရပြီး ဆေးရုံကိုပို့နေတဲ့အချိန်မှာကို သေဆုံးသွားပါတယ်။ နောက်အမျိုးသားသုံးယောက်ကတော့ ဒဏ်ရာသိပ်မပြင်းပါဘူး” ဟု မြို့ခံလူမှုကူညီရေးအသင်းတစ်ခု၏ တာဝန်ရှိသူက ပြောသည်။

 

မီးလောင်နေချိန်အတွင်း စက်ရုံငါးလွှာတွင် ရောက်ရှိနေသည့် အသက် ၄၀ ကျော် စက်ရုံဝန်ထမ်း အမျိုးသားမှာ အောက်ကိုခုန်ချခဲ့ပြီး စက်ရုံဝန်ထမ်းအချို့မှာ ဘေးလှေကားမှ ဘေးလွတ်ရာသို့ ပြေးဆင်းနိုင်ခဲ့ကြကြောင်း သိရသည်။

 

ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုမူ မီးသတ်တပ်ဖွဲ့က တွက်ချက်နေဆဲဖြစ်ပြီး ဒဏ်ရာရရှိသူများကို မှော်ဘီဆေးရုံသို့ ပို့ဆောင်ထားကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ မှော်ဘီ၊ မင်္ဂလာဒုံ၊ လှည်းကူးစသည့်မြို့နယ်များမှ မီးသတ်ယာဉ် ၁၃ စီးဖြင့် Level 1 အဆင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်