၅၆ နှစ်ကြာတပ်စွဲထားသော သင်္ဃန်းညီနောင်ဗျူဟာစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ နီးပါး လက်နက်ချ
ကရင်ပြည်၊ မြဝတီမြို့က ၅၆ နှစ်ကြာတပ်စွဲထားသော အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ (သင်္ဃန်းညီနောင်)စစ်ဗျူဟာအခြေချစခန်းမှ အရာရှိများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၇ ဦး လက်နက်ချအလင်းဝင်လာခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ညပိုင်းတွင် ထုတ်ပြန်သည်။
အရာရှိအဆင့်(၆၇) ဦး၊ အခြားနှင့် တပ်သားအဆင့် (၄၁၀) ဦးတို့အပါအဝင် ရဲမေ(၅၉)ဦးနှင့် တပ်မိသားစုဝင် (၈၁)ဦး စုစုပေါင်း (၆၁၇)ဦး လက်နက်ချအလင်းဝင် ဝင်ရောက်လာခဲ့သည်ဟု KNU က ထုတ်ပြန်ချက်အရ သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ အာဏာသိမ်းစစ်ကောင်စီ၏ သင်္ဃန်းညီနောင်ဗျူဟာစခန်းကို ယမန်နေ့ ဧပြီလ ၅ ရက်နေ့၊ နံနက် ၈ နာရီခန့်က စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၁ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု KNU က ဆိုသည်။
စစ်ကောင်စီ၏ (၁၉၆၈) ခုနှစ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချခဲ့သော ဗျူဟာစခန်းမှ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းမီးကျောက်မြောက်များစွာကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ထိုဗျူဟာစခန်းရှိခဲ့ခြင်းကြောင့် နယ်မြေတွင်းနေထိုင်ကြသော ကရင်လူမျိုးနှင့် အခြားလူမျိုးများ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးများကို ထိခိုက်ကျဆင်းစေသည့်အပြင် ရိုးရာယဉ်ကျေးမှုများလည်း ပျက်စီးပျောက်ကွယ်စေခဲ့ပြီး အထူးသဖြင့် အကြောက်တရားများဖြင့် နေထိုင်ခဲ့ရသည့်အတွက် လူထုဘဝလုံခြုံမှုကင်းမဲ့ခဲ့ရသည်ဟု KNU ထုတ်ပြန်ပြောဆိုသည်။
KNLA နှင့် ပူးပေါင်းအဖွဲ့သည် သင်္ဃန်းညီနောင်ဒေသရှိ ညီနောင်စစ်ဗျူဟာကုန်းအပါအဝင် သင်္ဃန်းညီနောင်ရဲစခန်း၊ ခမရ ၃၅၆၊ ၃၅၇ တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။ ခလရ ၂၅၇ မှ စစ်ကောင်စီတပ်ဖွဲ့များလည်း လက်နက်ချအလင်းဝင်လာသည်ဟု ယနေ့ ဧပြီလ ၆ ရက်နေ့တွင် သတင်းများထွက်ပေါ်လာသော်လည်း CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဓာတ်ပုံ – KNU
ပုံစာ – အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များထံမှ သိမ်းဆီးရမိခဲ့သော လက်နက်ခဲယမ်းများကိုတွေ့မြင်ရစဉ်