ဘူးသီးတောင် ခမရ ၅၆၄ တပ်ရင်းတစ်ခုလုံးကို ၅ ရက်အတွင်း AA တိုက်ခိုက်သိမ်းပိုက်၊ ၈၀ ကျော်သေဆုံး

Author ကိုထားဝယ်
Categories
Published on Apr 06, 2024

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အခြေစိုက် ခမရ ၅၆၄ တပ်ရင်းဌာနချုပ်တစ်ခုလုံးကို ယမန်နေ့ နံနက်အစောပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

 

စစ်ကောင်စီအတွက် အရေးပါသကဲ့သို့ AA ၏ ထိုးစစ်များကို နှောင့်ယှက်ထိခိုက်စေသော စခန်းတစ်ခုမကျန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ဆိုသည်။

ထိုစခန်းများထဲမှ ခမရ(၅၆၄)တပ်ရင်းကို ဧပြီ ၁ ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီ ၅ ရက်၊ နံနက် ၈ နာရီခန့်တွင် တပ်ရင်းဌာနချုပ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။

 

ထိုစခန်းမကျရှုံးစေရေး စစ်ကောင်စီဘက်က ကြည်းတပ်၊ လေတပ်တို့ဖြင့် အသည်းအသန် ပူးပေါင်းခုခံကာကွယ်ခဲ့သော်လည်း AA ထံ လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

 

ထိုတပ်ရင်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၈၀)ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကိုသိမ်းဆည်းနိုင်ခဲ့သည့်အပြင် ရက္ခိုင့်တပ်တော်ဘက်ကလည်း အကျအဆုံးများရှိခဲ့သည်ဟု ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

AA အနေဖြင့် မတ်လ (၂၅) ရက်က ဘူးသီးတောင်အခြေစိုက် ခမရ (၅၅၂) တပ်ရင်းနှင့် တောင်ဘဇာစခန်းတို့ကို သိမ်းပိုက်ရရှိထားသည်။ မောင်တော၊ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ဆိုသည်။

 

ဧပြီလ (၄) ရက်၊ နေ့လယ် (၂) နာရီ (၄၇) မိနစ်ခန့်က ကျောက်တော်မြို့ကို စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်နှစ်စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၈) နှစ်အရွယ် ဒေသခံအရပ်သားတစ်ဦးသေဆုံးခဲ့ပြီး (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA ထုတ်ပြန်ချက်အရ သိရသည်။

 

ရက္ခိုင့်တပ်တော်အနေဖြင့် ယခုနှစ် ဧပြီလအတွင်း သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။

 

ဓာတ်ပုံ – AA Info Desk