သင်္ဃန်းညီနောင်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ပြီဖြစ်

Author လင်းနွေဦး
Categories
Published on Apr 05, 2024

ကရင်ပြည်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ဒေသရှိ ညီနောင်ဗျူဟာကုန်း ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များ က ယနေ့ နေ့လယ် ၂ နာရီ ဝန်းကျင်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ရှေ့တန်းမြေပြင် သတင်းရင်းမြစ်များမှ CJ Platform သို့ပြောသည်။

 

စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ကာ ခုခံနေသည့်ကြားမှ တော်လှန်ရေးတပ်ဖွဲ့များ၏ ဗျူဟာမြောက် ထိုးစစ်ဆင်မှုအောက်တွင် ညီနောင်ဗျူဟာကုန်းကို ရရှိခဲ့ခြင်းဖြစ်သည်ဟု တိုက်ပွဲများအတွင်း ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးမှ ဆိုသည်။

 

“နေ့လယ်ကပဲ ရတယ်။ လေယာဉ်တွေနဲ့ ဆက်တိုက်ဝဲပြီး ဗုံးကြဲတဲ့ကြားကပဲ အခြေအနေ စောင့်ပြီး ကျားတက်ထိုးကြတာ။ သိမ်းထားတဲ့ အခြေအနေပေါ့လေ။ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေကြတယ်။‌ေ-ွးတွေဘက် က သေတာ အတုံးအရုံးပဲ”ဟု မြေပြင်ရဲဘော်မှ CJ Platform သို့ပြောသည်။

 

တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ပြီး စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများ သိမ်းပိုက်ရရှိထားသော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များဘက်မှ ထုတ်ပြန်သည်ကို စောင့်ဆိုင်းသင့်ကြောင်း မြေပြင်တော်လှန်ရေးရဲဘော်များ မှ ပြောသည်။

 

ညီနောင်ဗျူဟာကုန်း သိမ်းပိုက်ခံရသည့် အခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီ ထောက်ခံသူ လော်ဘီ ချန်နယ်များတွင် စခန်းမှ တပ်ဖွဲ့များ ခေတ္တသာ ဆုတ်ခွာပေးခြင်းဖြစ်ကြောင်း၊ တပ်ကူများ လေကြောင်းအင်အားများ ပြန်လည် ဖြည့်တင်းပြီးနောက် ပြန်လည်သိမ်းယူမည် ဖြစ်၍ အချိန်ခဏသာ စောင့်ဆိုင်းရန် လိုသည်ဟု ရေးသားဖြန့်ဝေမှုများ ပြုလုပ်နေလျက်ရှိသည်။

 

ဗျူဟာကုန်း သိမ်းပိုက်ပြီးနောက် လက်ရှိမြေပြင်တွင် သင်္ဃန်းညီနောင် ဒေသအခြေစိုက် ခြေလျင်တပ်ရင်း တစ်ခုဖြစ်သည့် ခလရ-၂၇၅ တပ်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ လက်အောက်ခံ တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကာ စစ်ကောင်စီဘက်မှ ပစ်ခတ်သော လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် မြဝတီ မြို့ အစွန် ရပ်ကွက်များတွင် မီးလောင်ပျက်စီးမှုများ ရှိနေသည်ဟု ဒေသခံများပြောကြားချက်အရ သိရသည်။

 

ဓာတ်ပုံ-ပေးပို့

 

ပုံစာညွှန်း- သင်္ဃန်းညီနောင် ဗျူဟာကုန်း စခန်းသိမ်း  ကနဦးတိုက်ပွဲများအတွင်း သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြင်ရပုံ

Related News

Depend on news