စစ်မှုထမ်းရန် ခေါ်ဆောင်သွားသည့် လူငယ်အချို့ကို စစ်ကောင်စီမှ သင်တန်းမပေးဘဲ ရှေ့တန်းသို့ တန်းပို့

Author လင်းနွေဦး
Categories
Published on Apr 02, 2024

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှ စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်းခံရသည့် လူငယ်အချို့ကို စစ်ကောင်စီမှ စစ်သင်တန်းပေးခြင်း မရှိဘဲ ရှေ့တန်းသို့ စေလွှတ်မှုများရှိနေသည်ဟု မြို့ခံအချို့နှင့် တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

 

အင်းစိန်၊ တောင်ဥက္ကလာပ၊ မြောက်ဒဂုံ ၊ သာကေတ စသည့် မြို့နယ်များမှ စစ်ကောင်စီ ထုတ်ပြန်ထားသည့် စစ်မှုထမ်း ဥပဒေအတွင်း အကျုံးဝင်သည့် လူငယ်များကို သက်ဆိုင်ရာ မြို့နယ်၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ တဆင့် စာရင်းကောက်ယူကာ ခေါ်ဆောင်ခြင်းခံရသူများ ကို စစ်ကောင်စီမှ သင်တန်းပေးအပ်ခြင်းမရှိဘဲ ရှေ့တန်းသို့စေလွှတ်နေခြင်း ဖြစ်ကြောင်း CJ Platform မှ စုံစမ်းသိရသည်။

 

“မတ် ၂၅ ရက် နေ့က ရပ်ကွက်ထဲ လာခေါ်တုန်းက ဆေးစစ်မယ် ဆိုပြီး သုံးယောက် ခေါ်သွားတာ သုံးရက်လောက်ကြာတဲ့ထိ အဆက်အသွယ်မရလို့ မိသားစုတွေကလည်း စိတ်ပူနေတာ။ ၄ ရက်မြောက်နေ့( မတ်လ ၂၉ ရက် ) နေ့မှာ ဖုန်းရလို့ပြောတော့ ရှမ်းပြည်ဘက် တစ်နေရာ ရောက်နေတယ်တဲ့ ။ ဘာဖြစ်မလဲ မသိသေးဘူးဆိုပြီးလည်း ပြောတယ်။ နောက် အဆက်အသွယ်ရဖို့ မသေချာလို့ ခုရတုန်း ဆက်တာလို့ပြောပြီး ဖုန်းချသွားတယ်။ ပြန်ခေါ်တော့ မရတော့ဘူး” ဟု အင်းစိန် မြို့ခံ အမျိုးသားတစ်ဦးမှ ၎င်းကိုယ်တိုင် မျက်မြင်တွေ့ရှိ ကြားသိရပုံကို CJ Platform သို့ပြောသည်။

 

စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေတွင်း အကျုံးဝင်၍ တာဝန်ထမ်းဆောင်ရန် ခေါ်ဆောင်ခြင်းခံရသည့် လူငယ်များကို ဆေးစစ်ရန်ဟုခေါ်ဆောင်ကာ ရှေ့တန်းစစ်မျက်နှာပြင်များသို့ ပို့ဆောင်ခြင်းသည် မြေပြင်တွင် အမှန်တကယ် ဖြစ်ပျက်နေခြင်းဖြစ်ကြောင်း၊ ရွေးချယ်ထားသည့် သူများကို ဆေးစစ်ရာတွင် အရက်သေစာ သုံးစွဲသူ၊ မူးယစ်ဆေးသုံးစွဲ သူ ဟု ယူဆခံရသည့် လူငယ်၊ လူလတ်ပိုင်းများကို သင်တန်းပေးအပ်ခြင်းမရှိဘဲ ရှေ့တန်း သို့ စေလွှတ်မှုများ စစ်ကောင်စီ မှ ပြုလုပ်နေသည်ဟု တပ်တွင်းသတင်းရင်းမြစ်များမှ အတည်ပြုပြောကြားသည်။

 

“စစ်မှုထမ်းဖို့ အထဲမှာမှ သူတို့(စစ်ကောင်စီ)ကြည့်လိုက်လို့ လူကောင်းပုံစံ သန်သန့်ပြန့်ပြန့် ပညာတတ်ပုံစံဆိုရင် သင်တန်း ပေးဖို့လုပ်တယ်။ အရက်သမား ၊ ဆေးသမား လိုမျိုး ပုံစံတွေဆိုရင် တစ်ခါတည်း ရှေ့တန်းပို့တာမျိုးတွေ လုပ်နေတယ်။ မပြောချင်ပေမဲ့ ဒါမြေပြင်မှာ တကယ်ဖြစ်နေတာပါ။ ဥပဒေဆိုပြီးလည်း လုပ်ချင်တိုင်းလုပ်နေကြလို့ သတိထားကြပါ” ဟု CJ Platform ၏ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးမှ ပြောသည်။

 

မြောက်ဒဂုံမြို့နယ် အတွင်းမှ စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်းခံရသည့် လူငယ် တစ်ဦး နှင့် သူငယ်ချင်းတော်စပ်သည့် လူငယ်တစ်ဦးကမှု ၎င်း၏ သူငယ်ချင်းဖြစ်သူနှင့် အဆက်အသွယ်ရရှိမှု အပေါ် CJ Platform သို့ ယခုလိုပြောသည်။

 

“ကျွန်တော့် သူငယ်ချင်းလည်း စစ်မှုထမ်းဖို့ ခေါ်သွားခံရတာ။ မနေ့က ကျွန်တော်နဲ့ အဆက်အသွယ်ရလို့ သူပြောတာ သူတို့တော့ စစ်သင်တန်း တက်နေရတယ်တဲ့။ သူနဲ့တူတူ တက်ရတဲ့ သူတွေကလည်း လူငယ်ပိုင်းတွေများတယ်တဲ့။ ၂၄၊ ၂၅ ပတ်ချာလည်တွေပေါ့။ ဆေးစစ်တာတွေလည်း လုပ်ပြီးပြီပြောတယ်။ဘယ်လောက်ကြာကြာ သင်တန်းတက်ရမယ်တော့ မပြောသွားဘူး။ ခဏပဲ ပြောလိုက်ရတယ်” ဟု မြောက်ဒဂုံမြို့ခံ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

 

စစ်ကောင်စီမှ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြဌာန်းခဲ့သည့် အမျိုးသမီးများပါ ပါဝင်သော စစ်မှုထမ်း ဥပဒေ အတွင်း အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အရွယ်များ အကျုံးဝင်ကာ ပညာရှင် များဖြစ်ပါက အမျိုးသားများ အတွက် အသက် ၄၅ နှစ်အထိ ၊ အမျိုးသမီးများအတွက် အသက် ၃၅ နှစ်အထိ ရွေးချယ်မည်ဖြစ်သည်။

 

စစ်မှုထမ်းဥပဒေအတွင်း တပ်မတော် ဆေးစစ်ရေးဘုတ်အဖွဲ့မှ ကျန်းမာရေးအဆင့်မမီကြောင်း စစ်ဆေးတွေ့ရှိပါက စစ်မှုထမ်းရန် ယာယီ ရွှေ့ဆိုင်းနိုင်သည်ဟု ဖော်ပြထားသော်လည်း မြေပြင်တွင် ပညာရှင် မဟုတ်သူ အသက် ၄၀ အရွယ်များ ၊ မျက်မှန် တပ်ဆင်ရသူများ၊ ကိုယ်အင်္ဂါ မသန်စွမ်းသူများကို ထည့်သွင်းရွေးချယ်ခြင်းများ အပြင် မူးယစ်ဆေးဝါးသုံးစွဲသည်ဟု သံသယရှိသူ၊ အရက်သေစာ သုံးစွဲမှု လွန်ကဲသူ ဟု ယူဆရသူများကိုလည်း ထည့်သွင်းရွေးချယ် ကာ‌ အချို့ကိုမှု သင်တန်းပေးအပ်ခြင်းပင်မရှိဘဲ ရှေ့တန်းသို့ စေလွှတ်နေခြင်းဖြစ်သည်ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ဦးမှ ဆိုသည်။

 

“ပါလာတဲ့ သူတွေထဲကိုကြည့်လိုက်ရင် အရက်ဖော ဖောနေတဲ့ ကောင်တွေ၊ မျက်တွင်းတွေချိုင့်ပြီး ဆေးသမားရုပ်တွေ၊ တချို့ဆို မျက်မှန် တပ်ရတဲ့သူတွေပါ ပါတယ်။ အဲ့တာလည်း ဆေးအောင်လာတာပဲ နေမယ်။ လူမရှိတော့တာကို စွတ်လုပ်နေတာကြီးက ရုပ်ပေါက်လွန်းတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ဦးမှ CJ Platform သို့ပြောသည်။

 

စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီး ရက်ပိုင်းအတွင်း စစ်ကောင်စီ၏ ပြောဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းမှ ဧပြီ လ သင်္ကြန် ရက်များ အပြီး စစ်မှုထမ်းဥပဒေ အတွက် အပတ်စဉ် (၁) အဖြစ် လူဦးရေ ၅၀၀၀ အား ခေါ်ယူ ကာ တစ်နှစ်လျှင် လူဦးရေ ၅ သောင်းကျော် အထိ ခေါ်ယူမည် ဟု ထုတ်ပြန်ပြောဆိုထားသော်လည်း စစ်ကောင်စီလက်အောက်ခံ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ မှ တဆင့် မတ်လ အစောပိုင်းမှ စတင်ကာ စာရင်းကောက်ယူ ခေါ်ဆောင်ခြင်းများ စစ်ကောင်စီ မှ ပြုလုပ်နေခြင်းလည်းဖြစ်သည်။

 

ဓာတ်ပုံ- pro-SCA

 

ပုံစာညွှန်း- စစ်ကောင်စီမှ စစ်သင်တန်းတက်ရောက်ရန် ခေါ်ယူထားသည့် လူငယ်များကို မြင်ရပုံ