ရွှေဘိုမြို့တွင် ပြည်သူများကို စစ်မှုထမ်းရန် ဖိအားပေးနေသာ စရဖ၊ရဲတပ်ကြပ်နှင့် လဝကဝန်ထမ်းတို့ ပစ်ခတ်ရှင်လင်းခံရ

Author မင်းထက်
Categories
Published on Apr 01, 2024

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ တွင်  စစ်မှုထမ်းဆောင်ရန် မြို့နေ လူငယ်များကို ဖိအားပေးခြင်းများ လုပ်ဆောင်နေသော စစ်ကောင်စီလက်အောက်ခံ သုံးဦး ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း Shwebo Crocodile တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ဧပြီ ၁ ရက်နေ့  နံနက် ၆ နာရီခန့်တွင် စစ်ကောင်စီလက်အောက်ခံ သုံးဦးသည် ရွှေဘိုမြို့၊

စတိုင်( ၁ ) လက်ဖက်ရည်ဆိုင်တွင် ထိုင်၍ မြောင်းကြီးစစ်ဆေးရေးဂိတ်တွင် ပိုက်ဆံသွားကောက်ရန် စုဝေးနေချိန် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

ရှင်းလင်းခံရသူများသည် စအဖ (စစ်ဖက်ရေးရာ အထူးလုံခြုံရေးအဖွဲ့) မှ ဦးစန်းနိင် ၊ ရဲတပ်ကြပ် အောင်ဖြိုးမင်း နှင့် ဦးသန့်ဇင်ဦး (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန) တို့ဖြစ်ကြသည်။

 

ဦးသန့်ဇင်ဦး ဆိုသူသည် ရွှေဘိုမြို့နယ် ဇီးဖြူကုန်း ပျူရွာ ဇာတိ ဖြစ်သည့်အတွက် ၂၀၂၁ ခုနှစ်မှစ၍ စစ်ကောင်စီနှင့်ပူးပေါင်း၍ နယ်ခံ  ပျူစစ်သားများထံကို သတင်းယူ ပေးပို့ခြင်း ၊ စစ်ကြောင်းများတွင် ပါ၀င်ဆောင်ရွက်ခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။

 

၄င်းတို့ သွားလာလှုပ်ရှားမှုများကို သတင်းရယူကာ ငါးရက်တာ စောင့်ကြည့်၍ မြောင်းကြီးဂိတ်သို့ ပိုက်ဆံသွားကောက်ရန် စုဝေးနေစဉ် ပစ်ခတ်ရှင်လင်းခဲ့ကြောင်း ၊ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်စခန်း လေ့ကျင့်ရေး (၈) မှ စစ်ကောင်စီတပ်သားများသည် အခင်းဖြစ်ရာ အနီးတ၀ိုက်တွင် လုံခြုံရေးတင်းကြပ်စွာ ချထားကြောင်း  သိရသည်။

 

” သတင်းယူခဲ့တာက အတွင်းဖရဲသီးတွေကနေ အနီးကပ် အသွားအလာလေးတွေ စောင့်ကြည့်ပြီး သတင်းယူတယ်၊ မနက်ခင်းတိုင်းမှာလဲ စတိုင် (၁)မှာ အမြဲတမ်းထိုင်ပြီး မြောင်းကြီးဂိတ်ကို ပြည်သူတွေထံကနေ မတရားကောက်ခံထားတဲ့ ငွေတွေကိုသွားယူတယ်ဆိုတဲ့ သတင်းရလို့ သွားရောက်စောင့်ဆိုင်းနေရင်း အခွင့်မသာလို့  (၅)ရက်အထိ ကြာသွားခဲ့တယ်” ဟု Shwebo Crocodile တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

၄င်းတို့ထံမှ SIG (9) mm တစ်လက်နှင့်  စာရွက်စာတမ်း မှတ်တမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

 

ယင်းပစ်ခတ်ရှင်းလင်းမှုကို ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ၊ Shwebo Crocodile  တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – Shwebo Crocodile

Related News

Depend on news