ထိုင်းအစိုးရ အကူအညီအပေါ် စစ်ကောင်စီ နိုင်ငံရေးအရ အမြတ်ထုတ်ဟု KNU ပြော

Author အေတီ
Categories
Published on Mar 28, 2024

ထိုင်းဘုရင့်နိုင်ငံအစိုးရ၏ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီပေးဝေမှုအစီစဉ်ဖြင့် KNU ဒေသတွင်းရှိ နေရပ်စွန့်ခွာတိမ်းရှောင်သူများကို ထောက်ပံ့ကူညီသည့်ပစ္စည်းများပေးအပ်ရာတွင် စစ်ကောင်စီအဖွဲ့ဝင်များ ပါဝင်လာမှုအပေါ် ကော်သူးလေ ဗဟိုဌာနချုပ် ကရင်အမျိုးသားအစည်းရုံးက ယနေ့ မတ် ၂၈ ရက်တွင် သဘောထား(၆)ချက်ပါ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

 

ပြီးခဲ့သည့် မတ် ၂၅ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားအမှတ်(၂)မှ ထိုင်းကြက်ခြေနီအဖွဲ့မှတစ်ဆင့် မြန်မာကြက်ခြေနီအဖွဲ့သို့ လွှဲပြောင်းပေးအပ်သော ထောက်ပံ့ကူညီသည့် ပစ္စည်းများကို ကရင်နယ်ခြားစောင့်တပ်(BGF)ထံမှ KNU ဖားအံခရိုင် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

 

ထို့နောက် ကရင်ပြည်တွင်းနေရပ်စွှန့်ခွာတိမ်းရှောင်သူများ အကူအညီပေးရေးကော်မတီ(CIDKP)နှင့် ကျေးရွာလူမှုအဖွဲ့အစည်းများက ကွင်းဆင်းထောက်ပံ့မှုများဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့နှင့် သာမည(ဒုံရင်းမြို့နယ်)များတွင် စစ်ကောင်စီတာဝန်ရှိသူများ၊ မြန်မာ့ကြက်ခြေနီအသင်း(MRCS)တို့မှ တာဝန်ရှိသူများ ပါဝင်လာမှုအပေါ်  KNU က သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

မတ် ၂၆ ရက်က KNU ၏ တာဝန်ရှိသူများ ပိုင်ကျုံမြို့နယ်တွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို အကူအညီပစ္စည်းများ ပေးဝေနေစဉ် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီ တိုက်လေယာဉ်တစ်စီး ပိုက်ကျုံမြို့ပေါ်တွင် အင်အားပြ ခြိမ်းခြောက်ပျံသန်းမှုကြောင့် ကြောက်လန့်ပြီး ထွက်ပြေးတိမ်ရှောင်ရသည့် အခြေအနေများရှိခဲ့သည်ဟု KNU က ဆိုသည်။

 

လက်ရှိမြန်မာနိုင်ငံတွင် လိုအပ်နေရသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများသည် လူလုပ်အကြပ်အတည်းဟု ရည်ညွှန်းကာ စစ်ကောင်စီက ပြည်သူကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေသည့်အတွက် ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု KNU က ပြောသည်။

 

စစ်ကောင်စီသည် လူသားချင်းစာနာထောက်ထားမှုအကူအညီအပေါ် နိုင်ငံရေးအရအမြတ်ထုတ်ရန် အစဉ်နည်းလမ်းရှာကြံခဲ့ပြီး မြန်မာကြက်ခြေနီအသင်း(MRCS)သည် စစ်ကောင်စီ၏ အရံတပ်ဖွဲ့ဖြစ်ကာ စစ်ကောင်စီကို ထောက်ပံ့ကူညီပေးနေသည့်အဖွဲ့အစည်းဖြစ်ကြောင်း၊ ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီအကျိုးကို ဆောက်ရွက်နေသော အဖွဲ့အစည်းက လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးအတွက် ကိုယ်စားပါဝင်လာခြင်းသည် ဒုက္ခရောက်နေသော ပြည်သူများ၏ခံစားမှုကို ဥပက္ခာပြုလိုက်ခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

စစ်ကောင်စီဘက်က ယင်းကဲ့သို့ လုပ်ဆောင်လာမှုသည် သက်ဆိုင်သူအဖွဲ့အစည်းများကြား ယုံကြည်မှုကို ထိခိုက်စေပြီး ပြဿနာကို ပိုမိုနက်ရိူင်းစေကြောင်း၊ KNU အနေဖြင့် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားသည့်အကြပ်အတည်းကို သင့်တော်သော အကူအညီပေးအပ်မှုဆိုင်ရာ အဆိုပြုစဉ်းစားမှုအခြေခံကို အာဆီယံနိုင်ငံများနှင့် ထိုင်းဘုရင့်အစိုးရတို့ထံသို့ ပေးပို့ထားပြီး ယင်းအဆိုပြုမှုအပေါ် သက်ဆိုင်ရာအစိုးရများအနေဖြင့် အလေးအနက်ထည့်သွင်းစဉ်းစားပေးရန် ထုတ်ပြန်ချက်တွင် ထည့်သွင်းတိုက်တွန်းထားသည်။

 

ယခုအခြေအနေတွင် နိုင်ငံအဝန်း လူသားချင်းစာနာထောက်ထားမှုအကူအညီများအရေးပေါ်လိုအပ်လျက်ရှိပြီး သက်ဆိုင်သူများအကြား ပွင်းလင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ဘက်ပေါင်းစုံမှ သတင်းအချက်အလက်မျှဝေမှုနှင့် ညှိနိူင်းတိုင်ပင်မှုတို့ ပြုလုပ်ပြီးမှသာ ရှေ့ဆက်ကူညီထောက်ပံ့ရေးအစီစဉ်များ စဉ်းစားကြရန် အလှူရှင်နိုင်ငံများကို ကရင်အမျိုးသားအစည်းရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီက မေတ္တာရပ်ခံထုတ်ပြန်ထားသည်။