ရိက္ခာဖြတ်တောက် ဆက်ကြေးကောက်နေသည့် ဗိုလ်ရုံစုစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၊ စစ်သား ၁၀ ဦးသေဆုံး

Published on Mar 28, 2024

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းနှင့် ကြယ်နီကုန်းကျေးရွာကြားတွင် အင်အား ၃၀ ခန့်ဖြင့် တပ်ဆွဲထားသည့် ဗိုလ်ရုံစုစစ်ဆေးရေးဂိတ်ကို ယမန်နေ့ မတ်လ ၂၇ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုဂိတ်သည် အရပ်သားများထံမှ ဆက်ကြေးကောက်ခြင်း၊ ရိက္ခာဖြတ်တောက်ရန် ကြိုးစားခြင်းများအပြင် စစ်ကောင်စီ အခိုင်အမာတပ်စွဲထားသည့်နေရာဖြစ်သောကြောင့် နံနက် ၅ နာရီခန့်တွင် ဒေသခံတော်လှန်ရေး တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးသည့်အပြင် ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်ဟု ယင်းစစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သူ ရဲဘော်တစ်ဦးက CJ Platform သို့ပြောသည်။

 

“79 ဗုံးသီး နှစ်လုံးနဲ့ လက်လုပ် ၄၀ မမ ဗုံးသီး လေးလုံးက ဂိတ်စခန်း ဘန်ကာထဲကျပြီးပေါက်တာ။ ကင်းလှည့်နေတဲ့ စခနှစ်ဦးကို အနီးကပ်ပစ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ဘန်ကာနားတောင် ကပ်နိုင်နေပြီ။ ရဲဘော်ဒဏ်ရာရလို့ ပြန်ဆုတ်လာတာ” ဟု ၎င်းက ပြောသည်။

 

ထိုတိုက်ပွဲအတွင်း ခမရ(၆) တိမ်မြုပ်တပ်က လက်နက်ကြီးပစ်ကူနှင့် စစ်ကူများရောက်လာပြီး တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ ကျော်ကြာမြင့်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာလာခဲ့ကာ တော်လှန်ရေးရဲဘော် ၄ ဦး လက်နက်ကြီးထိမှန်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

 

စစ်ကောင်စီတပ်က သေဆုံးအလောင်းနှင့် ဒဏ်ရာရတပ်ဖွဲ့ဝင်များကို မတ်လ ၂၇ ရက်နေ့ ညပိုင်းတွင် ခမရ (၆) တပ်အတွင်းသို့ သယ်ဆောင်သွားသည်ဟု စစ်ဆင်ရေးတွင်ပါဝင်ခဲ့သူ ရဲဘော် ကိုအောင်က ပြောသည်။

 

တိုက်ပွဲဖြစ်ပွားစဉ် ခမရ(၆) တိမ်မြုပ်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထန်းပင်ကုန်းကျေးရွာ အနောက်ကုန်း ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ သိမ်​၊ ဆွမ်းစားဆောင်နှင့် ပြည်သူ့နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ရဲဘော် ကိုအောင်က ပြောသည်။

 

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက အနီးအနားကျေးရွာများကို ညနေ ၅ နာရီခန့်မှစ၍ တစ်ညလုံးနီးပါး ၄၀ မမ၊ ၇၉ မမ လက်နက်ကြီးများနှင့်ပစ်ခတ်နေပြီး ထန်းပင်ကုန်းကျေးရွာရှိပြည်သူများကို ရွာအပြင် မထွက်ရဟု အမိန့်ထုတ်ထားကာ ဗျူဟာမှူးကိုယ်တိုင် စစ်ကား နှစ်စီးဖြင့် ဂိတ်ချထားသည်ဟု သိရသည်။

 

မတ်လ ၃ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းကျေးရွာရှိ ကဖီးဆိုင်တွင် ဆိုင်ကယ်ဖမ်းရန်စောင့်နေသည့် နယ်ထိန်းရဲနှင့် တပ်သား၊ ပျူစောထီးများကို မြေအောက်ပြောက်ကျားတပ်ဖွဲ့၊ အုတ်ဖို တော်လှန်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး နယ်ထိန်းရဲတစ်ဦးသေဆုံးကာ ရဲတပ်သားတစ်ဦးပြင်းထန်စွာဒဏ်ရာရခဲ့သည်။

Related News

Depend on news