ဖာပွန်တွင် နှစ်ရက်အတွင်း စစ်ကောင်စီ လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းဗုံးဒဏ်ကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၂ ဦးသေဆုံးသည့်အပြင် အိမ်အများအပြားပျက်စီး

Author သီရိဝင်း
Categories
Published on Mar 26, 2024

ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် မတ်လ ၂၄ နှင့် ၂၅ ရက် နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတို့မှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ နှစ်ဦးသေဆုံးခဲ့ရသည့်အပြင် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

 

ယင်းနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်မှစတင်၍ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်မှုမျိုးစုံပြုလုပ်ခဲ့ပြီး အမှတ် ၂ ရပ်ကွက်မှ အသက် ၅ နှစ်အရွယ် ကလေးငယ်နှင့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့သည့်အပြင် ငါးဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖာပွန်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

 

“နှစ်နာရီလောက်ကနေစပြီးတော့ လေယာဉ်ကော၊ ဒရုန်းတွေနဲ့ကော မြို့ထဲကို ကြဲချနေတာ။ လက်နက်ကြီးတွေနဲ့ပါ ထုချတော့ ငါးယောက်လောက်ထိတယ်။ ဒဏ်ရာရတဲ့ ယောကျာ်းတစ်ယောက်ဆို ခြေထောက်နှစ်ဖက်လုံး ဗုံးသီးထိသွားတာ။ သူနားမှာ ကျပြီးတော့ မိန်းကလေး (အသက်)၃၀ ကျော်တစ်ယောက်က လက်တစ်ဖက်ပြတ်သွားတယ်။ မိန်းကလေးနောက်တစ်ယောက်က ပေါင်ကိုမှန်တာ” ဟု မျက်မြင်တွေ့ရှိခဲ့သူ ၎င်းက ပြောသည်။

ထို့ပြင် မတ်လ ၂၅ ရက်နေ့ တစ်နေ့လုံးနီးပါး စစ်ကောင်စီဘက်က လေယာဉ်နှင့် ဒရုန်းတို့ကို အသုံးပြုတိုက်ခိုက်ခဲ့သည့်အတွက် ဖာပွန်မြို့ အမှတ် ၁ နှင့် ၂ ရပ်ကွက်တို့မှ နေအိမ်အများအပြားပျက်စီးခဲ့ကြောင်း အထက်ပါအမျိုးသားက ဆက်ပြောသည်။

 

“အမှတ် ၁ ဘက်မှာလည်း ထိတယ်။ အိမ်တွေကတော့ အမှတ် ၂ ဘက်မှာလည်း အများကြီးထိတယ်။ ထွက်တာကတော့ အဝေးကြီးထွက်ကြည့်လို့ မရဘူး။ လေယာဉ်က မနက်ကတည်းက မကြာမကြာလာတယ်။ ဒရုန်းနဲ့လည်း ပစ်တယ်။ ထွက်ရခက်တော့ ကိုယ့်အနီးအနားလောက်ပဲသိတယ်” ဟု သတင်းလိုက်လံစုံစမ်းနေသူ ၎င်းက ပြောသည်။

 

ဖာပွန်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံအများအပြား ကမမောင်းမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင်များကိုတွေ့ရှိပါက စစ်ကောင်စီတပ်ဘက်က မြို့ပြင်အထိ ဒရုန်းဖြင့် လိုက်လံဗုံးကြဲနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

 

ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က စစ်ကောင်စီ ဗျူဟာကုန်းက ပစ်ခတ်သည့် လက်နက်ကြီးသည် ကုလားကိုင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့၍ အသက် ၅၀ အရွယ် အမျိုးသမီးနှင့် အသက် ၁၈ နှစ်အရွယ် အမျိုးသားတို့ လက်နက်ကြီးထိမှန်ဒဏ်ရာများရရှိခဲ့သည်။