စမ်းချောင်းက စစ်ကောင်စီဒေါက်တိုင်များစာရင်းထုတ်ပြန်ပြီးနောက် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်ပြီး ထွက်ပြေးသူများရှိလာ

Author ကိုထက်
Categories
Published on Mar 26, 2024

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်က စစ်ကောင်စီဒေါက်တိုင်များစာရင်းထုတ်ပြန်လိုက်ပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့ နုတ်ထွက်စာများတင်နေကြသကဲ့သို့ ထွက်ပြေးတိမ်းရှောင်သူများလည်း ရှိလာကြောင်း စမ်းချောင်းမြို့နယ်ပင်မသပိတ်စစ်ကြောင်းနှင့် ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

 

ယင်းမြို့နယ်အတွင်းရှိ ဟုမ်းလမ်းနှင့် မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်တို့က အုပ်ချုပ်ရေးမှူးနှစ်ဦးသည် နုတ်ထွက်စာတင်ကာ ထွက်ပြေးတိမ်းရှောင်နေသည်ဟု တရားဝင်သိရကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဋ္ဌ ကိုပီတာကြီးက CJ Platform သို့ပြောသည်။

 

“ဟုမ်းလမ်းအုပ်ကြီး (ဦး)စိုးသိမ်းဆိုရင် အထုတ်ဆွဲပြီးကို စမ်းချောင်းကနေပြေးပြီဗျ။ နောက် မုန့်/တောင်အုပ်ကြီး (ဦး)ရဲမြင့်ဆို ဓမ္မာရုံမှာ ရုံးသော့အပ်ပြီး ရှောင်နေတယ်။ တချို့ အမည်မသိရသေးတဲ့ရပ်ကွက်က အုပ်ကြီးတွေလည်း ထွက်စာတင်ထားတယ်။ ဒါပေမဲ့ စစ်တပ်က လက်မခံဘူးပြောတယ်” ဟု ၎င်းက ပြောသည်။

 

ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော်နေသည့် စမ်းချောင်းက စစ်ကောင်စီ ဒေါက်တိုင်များ၏စာရင်းမှတ်တမ်းများကို ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ယခုကဲ့သို့ နုတ်ထွက်စာများ တင်လာကြခြင်းဖြစ်ကြောင်း ကိုပီတာကြီးက ဆိုသည်။ ထိုစာရင်းများကို ရန်ကုန် UG များထံ ပေးပိုထားပြီးဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

 

“ကြားရတာကတော့ အုပ်ချုပ်ရေးမှူးတွေနုတ်ထွက်တယ်ပြောတယ်။ ရုံးတွေကို ကိစ္စရှိလို့သွားရင် စာရေးနဲ့ စစ်သားတွေလောက်ပဲတွေ့ရတယ်။ အရင်ဆို သူတို့ကရှိတယ်လေ။ အခုရက်ပိုင်းတွေ မတွေ့မိဘူး” ဟု ကျွန်းတောအလယ်ရပ်ကွက်က ပြည်သူတစ်ဦးက ပြောသည်။

 

စစ်မှုထမ်းစာရင်းများကောက်ယူမှုကြောင့် ရန်ကုန်မြို့ရှိ တောင်ဒဂုံ၊ သန်လျင်၊ ဒေါပုံစသည့်မြို့နယ်များက ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဒေသခံများ၏ ရန်ပြုခြင်းခံရသကဲ့သို့ တော်လှန်ရေးအင်အားစုများ၏ သတိပေးခံရမှုများရှိနေသည်ဟု သိရသည်။

 

မြန်မာနိုင်ငံတဝှမ်းတွင် တော်လှန်ရေးအင်အားစုများက သတိပေးမှုများပြုလုပ်သည့်ကြားမှ လူငယ်များ၏ အမည်စာရင်းကောက်ယူခြင်း၊ မဲနှိုက်ခြင်းကဲ့သို့ စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော်ခြင်းကြောင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး (၁၀)ဦးခန့်ကို ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရသည်။

 

ယမန်နေ့ မတ်လ ၂၅ ရက် ညပိုင်းကလည်း စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်နေကြသည့် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရဲစခန်းနှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော Urban Justice အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးနှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။