မန္တလေး၊ ပုသိမ်ကြီးရှိ ရပ်ကွက်အချို့တွင် တစ်ပတ်ခန့်ကြာသည်အထိ လျှပ်စစ်မီးလုံးဝမရသေး၊ မြို့ခံအချို့ ရေ/မီး အလှူပေး

Author အေတီ
Categories
Published on Mar 26, 2024

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် မတ်လတတိယပတ်အတွင်းမှစတင်၍ လျှပ်စစ်မီးလုံးဝမရရှိသည့်အတွက်ကြောင့် ရပ်ကွက်နေပြည်သူများ သုံးရေနှင့် ချက်ပြုတ်စားသောက်ရေးအပြင် အခြားပြဿနာများဖြစ်ပေါ်နေကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

 

ကုန်းတန်း၊ မဲကင်းကုန်း၊ ဂွေ့ကြီးကုန်းနှင့် ကန်ကောက်ရပ်ကွက်များတွင် လျှပ်စစ်မီးလုံးဝမရသည့်အတွက် ရေကိုပြင်ပမှဝယ်ယူသုံးစွဲနေရသကဲ့သို့ ချက်ပြုတ်ရာတွင်လည်း မီးသွေးအစားထိုးအသုံးပြုရသည့်အတွက် ယခင်ထက်ကုန်ကျစရိတ်များနေကြောင်း ယင်းရပ်ကွက်နေသူများက ဆိုသည်။

 

“မီးလုံးဝမပေးတာ ငါးရက်လောက်ရှိပြီ။ မီးမရတော့ အဓိက ရေပြဿနာတက်တာပေါ့။ ရပ်ကွက်ထဲမှာ ဓာတ်ဆီစက်လေးတွေနဲ့ ရေတင်ပေးတဲ့သူရှိတယ်။ တစ်နာရီကို တစ်သောင်းပေးရတယ်။ ရေကားနဲ့ ဝယ်သုံးတဲ့သူတွေလည်းရှိတယ်။ ဈေးတော့များမယ်ထင်တာပဲ။ မီးမရတော့ အများစုက မီးသွေးဝယ်သုံးရတော့ အဆင်မပြေတဲ့သူတွေအတွက် ပိုခက်ခဲကုန်တယ်” ဟု ပုသိမ်ကြီးမြို့နယ် ကုန်းတန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက CJ Platform သို့ပြောသည်။

 

ယင်းကဲ့သို့ လျှပ်စစ်မီးမရရှိသည့်အတွက် ရပ်ကွက်နေပြည်သူများ အဆင်ပြေစေရန် ငွေကြေးတတ်နိုင်သည့်နေအိမ်များက ရေနှင့် လျှပ်စစ်မီး လှူဒါန်းမှုများပြုလုပ်နေကြကြောင်း သိရသည်။

 

“နေ့ရောညပါ လျှပ်စစ်မီးမလာလို့ နေ့လယ်တစ်ချိန်၊ ညတစ်ချိန် ရေနဲ့ မီးအတွက် တတ်နိုင်တဲ့ဘက်က ကုသိုလ်ပြုပေးတာပါ။ အားလုံးလာပြီး ဖုန်းအားသွင်းလို့ရအောင်လို့ မီးဘုတ်ခုံတွေလည်း အများကြီးလုပ်ပေးထားပါတယ်။ ရေလည်း ကြိုက်သလောက်ယူလို့ရပါတယ်” ဟု ရေမီးအလှူရှင်တစ်ဦးက ပြောသည်။

 

ကုန်းတန်းရပ်ကွက်တွင် ယခုကဲ့သို့ လျှပ်စစ်မီးပြတ်တောက်မှုကို ယခင်နှစ်ကလည်း သုံးပတ်ခန့် ကြုံတွေခဲ့ရဖူးပြီး မီတာခမပေးဆောင်သည့်အတွက် ဖြတ်တောက်ခံရသည်ဟု ဒေသခံများကယူဆခဲ့ကြသည်။ လက်ရှိ လျှပ်စစ်မီးဖြတ်တောက်ခံရမှုကိုလည်း ယင်းကဲ့သို့ယူဆနေကြပြီး မည်သည့်အချိန်အထိ မီးဖြတ်တောက်ခံရမည်ကို မသိရှိကြကြောင်း မီးဖြတ်ခံထားရသည့် ရပ်ကွက်နေသူများက ဆိုသည်။

 

လျှပ်စစ်မီးရရှိမှုနှင့်ပတ်သက်၍ မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင်လည်း မီးပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ်နေပြီး အချိန်ပိုင်းအလှည့်ကျမီးလာသည့်ရပ်ကွက်များလည်းရှိသည်ဟု သိရသည်။

 

ယခုကဲ့သို့ ပူပြင်းခြောက်သွေ့သည့်နွေရာသီရောက်ရှိချိန် မန္တလေးမြို့တွင် လျှပ်စစ်မီးနှင့် ရေပြတ်တောက်မှု‌ကြောင့် နောက်ဆက်တွဲအနေဖြင့် မီးဘေးအန္တရာယ်ပါစိုးရိမ်လာရနိုင်ကြောင်း မြို့ခံအချို့က သုံးသပ်သည်။

 

ရေအားဖြင့် လျှပ်စစ် အဓိကထုတ်လုပ်သုံးစွဲနေရသည့် မြန်မာနိုင်ငံတွင် နွေရာသီ ရေခမ်းချိန် ရောက်ရှိလာပါက မန္တလေးသာမက ရန်ကုန်၊ နေပြည်တော်တို့တွင်ပင် လျှပ်စစ်မီးပြတ်တောက်မှုများ ဆိုးဆိုးရွားရွားဖြစ်ပေါ်လေ့ရှိသည်။