နမ့်ခမ်းအပါအဝင် မြို့ငါးမြို့ ပြန်လည်ထူထောင်ရန် ကျပ်သိန်း ၄၀၀၀ ကျော် PSLF/TNLA ထောက်ပံ့

Published on Mar 22, 2024

၁၀၂၇ စစ်ဆင်ရေးကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ဒေသများဖြစ်သည့် နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနှင့် မိုင်းငေါ့မြိုနယ်တို့ ပြန်လည်ထူထောင်နိုင်ရန် ကျပ်သိန်း ၄၀ဝ၀ ကျော်ထောက်ပံ့ခဲ့ကြောင်း ပလောင်ပြည်နယ်အမျိုးသားတပ်ဦး(PSLF/TNLA)၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို PSLF/TNLA အုပ်ချုပ်ရေးဌာနက ဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဂျားနှင့် တာဝန်ရှိသူများက မြိုနယ်အလိုက် ထိခိုက်ပျက်စီးသွားသည့် နေအိမ်မှ ကာယကံရှင် မိသားစုများထံ အခမ်းအနားဖြင့် ပေးအပ်‌ခဲ့ခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနှင့် မိုင်းငေါ့မြိုနယ်အတွင်း နေအိမ်(၄၂၁)လုံးပျက်စီးမှု အတွက် အဆင့် (A)၊ (B)၊ (C) ခွဲကာ ထိခိုက်ပျက်စီးမှုပေါ်မူတည်၍ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်နက်ကြီးထိမှန်၍ သေဆုံးရသူများအတွက် ကျန်ရစ်သူမိသားစုများထံ သတ်မှတ်ထားသည့် ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့ခဲ့သည့်အပြင် တအာင်းအရပ်ဘက်အဖွဲ့အစည်းများက ထောက်ပံ့ငွေများကိုလည်း ကျန်ရှိနေသည့်မြို့နယ်များမှ ထိခိုက်သူများကို ပေးအပ်ထောက်ပံ့မည်ဟု PSLF/TNLA က ဆိုသည်။