ရွှေဘို၊ ဆိပ်ခွန်ရွာသို့ စစ်ကြောင်းဝင်ရောက်လာ၍ အရပ်သား သောင်းချီ အရေးပေါ်တိမ်းရှောင်နေရ

Author မင်းထက်
Categories
Published on Mar 22, 2024

စစ်ကိုတိုင်း ၊ ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာသို့ ယမန်နေ့ မတ် ၂၁ ရက် နံနက်ပိုင်းမှစတင်၍ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကောင်စီ စစ်ကြောင်းထိုး၀င်ရောက်လာမှုကြောင့် အရပ်သားပြည်သူ တစ်သောင်းခန့် အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံနှင့် တော်လှန်ရေးရဲဘော်များထံမှ သိရသည်။

 

“ရွာအရှေ့ မာန်အောင်ကျောင်းဘက်က၀င်တာဆိုတော့ စစ်သားရယ် ၊မြင်းချင်းဘက်ကပျူတွေနဲ့ တခြားပျူတွေရော ပါလာနိုင်တယ်။ အရင်ရက်တွေက ကြားမိတာတော့ စစ်မှုထမ်းဖို့ ရွာမှာအထိုင်ချနေတဲ့တပ်ကို လူကောက်ခိုင်းတယ်။ သူတို့ကလည်း မကောက်ပေးနိုင်ဘူးပြောတော့ ရွာအထိုင်စစ်သားတွေ အလုပ်မလုပ်ရမလားဆိုပြီး တပ်ချိန်းမှာလို့သိရတယ်။ ခုတော့ ရွာထဲရောက်နေကြပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

လတ်တလော စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်းရှိနေသောကြောင့် ရွာသားများထွက်ပြေးနေရသဖြင့် ကျေးရွာတွင်းအခြေအနေကို မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။

 

“ဆိပ်ခွန်ကတော့တစ်ရွာလုံးပြေးနေရတာ ဟုတ်ပါတယ်။ အဲဒီမှာရှိတဲ့ အထိုင်တပ်ကို ရိက္ခာပို့လမ်းကြောင်းမရှိတာလည်း ကြာပြီဆိုတော့ ရိက္ခာလာပို့တာလည်းဖြစ်နိုင်တယ်။ ဘယ်လိုကြောင့် စစ်ကြောင်းရောက်နေတာလဲတော့ မသိရသေးပါဘူး” ဟု ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

 

ဆိပ်ခွန်ကျေးရွာသည် ရွှေဘိုမြို့၏ အနောက်ဘက်ခြမ်းတွင်တည်ရှိပြီး ဆိုင်ကယ်ဖြင့် သွားရောက်လျှင် နာရီဝက်ခန့် ခရီးအကွာအဝေးရှိသည့် ကျေးရွာကြီးတစ်ခုဖြစ်သည်။ ရပ်ကွက်(၁၇)ခုဖြင့် ဖွဲ့စည်းထားသော  ဆိပ်ခွန်ကျေးရွာသည် စက်ရက်ကန်း၊ ရိုးရာလက်ရက်ကန်းလုပ်ငန်းများလုပ်ကိုင်ကြပြီး ဆန်စပါးစိုက်ပျိုးထွက်ရှိရာ အေးချမ်းသည့်ဒေသတစ်ခုလည်းဖြစ်သည်။

 

ပြီးခဲ့သည့် မတ်လ ၁၁ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာ၊ ရွှေဘို-ဆိပ်ခွန်သွားကားလမ်း၊ ချီပါတံတားကြီးအနီးတွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံနှင့် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။