ပညာရေး CDM များကို ထောက်ပံ့နိုင်ရေး ဟားငါးကောင်အဖွဲ့ပါဝင်မည့် အနုပညာဖျော်ဖြေပွဲ ထိုင်းတွင် ကျင်းပမည်

Author လင်းနွေဦး
Categories
Published on Mar 22, 2024

ပြည်သူ့ဘက်မှ ရပ်တည်ကာ စစ်အာဏာရှင်ပြုတ်ကျရေး ပါဝင်တိုက်ပွဲဝင်ရပ်တည်နေသည့် ပညာရေး CDM ဆရာ/ဆရာမများအတွက် ထောက်ပံ့မှုများ ပြုလုပ်နိုင်ရေးရည်ရွယ်ကာ ရန်ပုံငွေရှာ အနုပညာဖျော်ဖြေပွဲတစ်ခု လာမည့်ဧပြီလ ၆ ရက်၌ ထိုင်းနိုင်ငံတစ်နေရာတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ၎င်းအနုပညာဖျော်ဖြေပွဲအတွင်း ပါဝင်မည့် တက်ကြွလှုပ်ရှားသူများနှင့် ပွဲဖြစ်မြောက်ရေး ကူညီစီစဉ်ဆောင်ရွက်နေသူများထံမှ သိရသည်။

 

“ပြည်ချစ်ပန်းတို့ပြည်တော်ဝင် အနုသုခုမသဘင်” ဟု အမည်ပေးထားသည့် အနုပညာဖျော်ဖြေပွဲကို ဟားငါးကောင်လူရွှင်တော်အဖွဲ့မှ ဦးဆောင်ကာ ပညာရေး CDM ဆရာ၊ ဆရာမများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပူးပေါင်းပါဝင်အားဖြည့်ကူညီမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်မှု စီစဉ်ရေးတွင် ပါဝင်သည့် CDM ကျောင်းဆရာတစ်ဦးက ဆိုသည်။

 

“ဒီပွဲကိုတော့ ဟားငါးကောင်အဖွဲ့ဦးဆောင်မှုအပြင် တခြားအဖွဲ့တွေဖြစ်တဲ့ ပြည်သူ့မုဒြာတို့၊ မုန်တိုင်းကြားကသက်တံ့များစတဲ့ အဖွဲ့တွေကလည်း ဝန်းရံပေးကြမှာပါ။ ပြည်သူတွေ အကုန်လုံးကြည့်ရှုနိုင်ဖို့ အခမဲ့ အွန်လိုင်းကနေ လွှင့်ပေးသွားပါမယ် ” ဟု ပွဲဖြစ်မြောက်ရေးစီစဉ်ဆောင်ရွက်ပေးနေသည့် CDM ကျောင်းဆရာ ကိုလွင်ကိုကိုဦးက CJ Platform သို့ပြောသည်။

 

လက်ရှိတွင် စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းသာမက ပြည်ပသို့ပါ တိမ်းရှောင်နေရသော ကဏ္ဍပေါင်းစုံမှ CDM များရှိနေပြီး ပညာရေး CDM များအနေဖြင့် နေထိုင်ရပ်တည်ရေးအတွက် များစွာအခက်အခဲကြုံတွေ့နေရသည်။ ရရှိနေသော ထောက်ပံ့မှုများဖြင့် မလောက်ငှမှုများကြုံတွေ့နေရသည့်အတွက် ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး ပဒေသာပင်စိုက်ထူမည့် ကမ်ပိန်းအစီအစဉ်တစ်ခုလည်းဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။

 

“CDM လုပ်သူတွေများစွာရှိနေပါတယ်။ ပြည်တွင်းမှာ အသံတိတ် ခြေရာဖျောက်နေရသလို အကြောင်းအမျိုးမျိူးကြောင့် ပြည်ပထွက်လာရသူတွေအနေနဲ့ နေထိုင်ရပ်တည်ရေးအတွက် သူများအိမ်မှာ အိမ်အကူလုပ်ရတာတွေရှိတယ်။ အကြော်ရောင်း၊ ကုန်စိမ်းလေးရောင်းပေါ့နော်။ အဲဒီလိုလူတွေ အများကြီးရှိနေတာဖြစ်လို့ ပြင်ပကနေ တတ်နိုင်သလောက် ကူညီနိုင်ဖို့ပါ” ဟု ပညာရေး CDM များနှင့် နီးစပ်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မအိအိအောင်က CJ Platform သို့ပြောသည်။

 

ခက်ခဲသည့်အခြေအနေကာလများတွင် ပြည်သူများနှင့်အတူ တသားတည်းရပ်တည်ခဲ့ကာ ဆက်လက်တိုက်ပွဲဝင်နေသည့် CDM ကျောင်းဆရာ၊ ဆရာမများအတွက် ပူးပေါင်းဝန်းရံပေးပါရန် ပြည်သူလူထုကို မေတ္တာရပ်ခံကြောင်း ဖျော်ဖြေပွဲအတွင်း ပါဝင်မည့် CDM ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးပြည့်ဖြိုးကျော်က ပြောကြားသည်။

 

အဆိုပါ ရန်ပုံငွေရှာ အနုပညာပွဲဖျော်ဖြေပွဲကို ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ထုတ်လွှင့်ရေး ချန်နယ်များ၊ Facebook စာမျက်နှာများတွင် အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့သည့် CDM ဝန်ထမ်းငါးသောင်းကျော် အမျိုးသားညီညွှတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည်ဟု ကြားကာလဒေသန္တရပြည်သူအုပ်ချုပ်ရေးဗဟိုကော်မတီထံမှ သိရသည်။