ကျိုက်ဒုံမြို့၊ ပိုင်ခလန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းမှ စစ်သား ၇၀ ကျော်ထွက်ပြေး

Author မင်းထက်
Categories
Published on Mar 21, 2024

ကရင်အမျိုးသားအစည်းအရုံး ( KNU ) တပ်မဟာ (၆) နယ်မြေ၊ ကျိုက်ဒုံမြို့ ၊ပိုင်ခလန်ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်းနှစ်ခုကို တော်လှန်ရေး ပူပေါင်းတပ်ဖွဲ့များမှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၇၀)ကျော် စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း Cloud Wings တာ၀န်ခံ ကိုငြိမ်းက  ပြောသည်။

 

ကျိုက်ဒုံမြို့၊ ပိုင်ခလန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စွဲထားသော မယ်သရောထစခန်း၊ ရေတံလျှောက်စခန်းတို့ကို KNLA ဦးဆောင်မှုနှင့်အတူ Cloud Wings တပ်ဖွဲ့မှ မတ် ၁၅ရက်နေ့မှ စတင်ကာ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“ကျနော်တို့ဒရုန်းတွေက တပြိုင်ထဲ လုပ်ပေးရတာ။ မယ်သရောထက အရင်​ ၊ ရေတံလျှောက်က နောက်မှပြေးတာ။ ရေတံလျှောက်က ဒီနေ့ (မတ် ၂၁ရက်နေ့) ပြေးတာ ၂၆ဦးပဲလို့ ရှေ့တန်းက သတင်းဝင်လာပါတယ်။ အသေးစိတ်က ကျနော်တို့ ထပ်ထုတ်ပြန်ပေးပါ့မယ်။ စစ်ဆင်ရေးက ဆက်သွားနေတုန်းမို့ပါ ” ဟု ကိုငြိမ်းက ပြောသည်။

 

Cloud Wings တပ်ဖွဲ့အနေဖြင့် စစ်ဆင်ရေးကာလ မတ်လအတွင်းတွင် ၈၁မမ၊ ၆၀မမ အစရှိ ဗုံးသီးအလုံးပေါင်းများစွာကို စခန်းကုန်းများပေါ်သို့ အကြိမ်ရေပေါင်းများစွာ ပျံသန်းကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

မဟာမိတ်ပူပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် မယ်သရောထစခန်းမှ စစ်ကောင်စီတပ်အင်အား ၅၀ ခန့်သည် ထိုင်းနိုင်ငံအတွင်းသို့ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ ယနေ့ မတ်လ ၂၁ ရက်နေ့တွင်လည်း ရေတံလျှောက်စခန့်မှ စစ်ကောင်စီတပ်သား ၂၆ ဦးသည်လည်း ထပ်မံထွက်ပြေးသွားကြောင်း တာ၀န်ခံ ကိုငြိမ်းက ပြောသည်။

 

အဆိုပါ စစ်ဆင်ရေးများအတွင်း လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိထားခဲ့သော်လည်း Cloud Wings ဒရုန်းနှစ်စီးလည်း ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း၊  KNLA ဦးဆောင်မှုဖြင့် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ နောက်ထပ် စစ်စခန်းများထံသို့ ဆက်လက်ပျံသန်း တိုက်ပွဲဝင်နေလျှက်ရှိကြောင်း ယနေ့ မတ်လ ၂၁ ရက်နေ့တွင် Cloud Wings တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – Cloud Wings