ကျိုက်ဒုံ စခန်းသိမ်းတိုက်ပွဲအတွင်း ဗျူဟာမှူးနှင့် အရာရှိ ၁၂ ဦးအပါအဝင် ၆၆ ဦးဖမ်းမိသည့်အပြင် လက်နက်အများအပြား သိမ်းဆည်းရမိ

Author လင်းနွေဦး
Categories
Published on Mar 20, 2024

ကရင်ပြည်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့အခြေစိုက် စကခ (၁၃)လက်အောက်ခံ ကျိုက်ဒုံဗျူဟာကုန်းကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဗျူဟာမှူးအပါအဝင် တပ်ဖွဲ့ဝင် ၆၆ ဦးဖမ်းဆီးရမိပြီး ကာဘိုင်များနှင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ထုတ်ပြန်သည်။

ကျိုက်ဒုံ ဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံ တပ်မဟာ(၆)နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက မတ်လ ၁၃ ရက် နံနက် ၆ နာရီမှ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၄ ရက် ညနေ ၄ နာရီဝန်းကျင်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KNU က ဆိုသည်။

 

စခန်းသိမ်းတိုက်ပွဲအတွင်း ကာဘိုင် ၄၂ လက်နှင့် ရိုင်ဖယ်များအပါအဝင် 60 မမ၊ 81မမ၊ 120 မမ၊ စက်လက်များ၊ RPG များ၊ မိုင်းမျိုးစုံ၊ ကျည်အမျိုးမျိုးနှင့် အခြားသောစစ်ဘက်ဆိုင်ရာအသုံးအဆောင်၊ လက်နက်ခဲယမ်း အမြောက်အမြားသိမ်းဆည်းရမိခဲ့သည်။ တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော်နှစ်ဦးကျဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

 

တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီလက်အောက်ခံ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုးနှင့် အရာရှိ ၁၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၆၆ ဦးကို ညှင်းပန်းနှိပ်စက်ခြင်းမရှိဘဲ စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ကာ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်ဟု KNU ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် KNLA ဦးဆောင်သော ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့နယ်များအတွင်း စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်နေပြီး မတ် ၇ ရက်နှင့် ၈ ရက်တို့တွင် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ဒေသရှိ ညီနောင်ရဲစခန်း၊ ခမရ-၃၅၅ တို့ကိုလည်း တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားသည်။ ကျန်ရှိသည့် ခမရ ၃၅၆ နှင့် ၃၅၇ စခန်းများကို ဆက်လက်သိမ်းပိုက်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။