အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် မူးယစ်ဆေးအရောင်းအဝယ်ပြုလုပ်ရာတွင် မြန်မာစစ်ရှောင်များ အသုံးချခံနေရ(သတင်းတို)

Author မယ်ဘယ်ကိုး
Categories
Published on Mar 19, 2024

အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်တွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုသည် မြန်မာစစ်ရှောင်များကို အမည်ခံအသုံးချ၍ ယခင်ထက်ပိုမိုလုပ်ဆောင်လာကြကြောင်း ချင်းပြည်ကောင်စီ(Chinland Council)က ဆိုသည်။

 

ထိုသို့ ပုံစံအမျိုးမျိုးဖြင့် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေသည့် တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ရေးသူများကို တားဆီးနှိမ်နင်းရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီ(Chinland Council)က ထုတ်ပြန်သည်။

 

ယင်းမှာ ယမန်နေ့ မတ်လ (၁၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့အစည်း၏ အစည်းအဝေးဆုံးဖြတ်ချက်အရဖြစ်သည်ဟု ထုတ်ပြန်ချက်အတွင်း ဖော်ထားသည်။

 

ချင်းပြည်ချင်းလဲန်းကောင်စီ၏ ထိန်းချုပ်နယ်မြေများနှင့် အိန္ဒိယနိုင်ငံနယ်စပ်တစ်လျှောက်ရှိ မူးယစ်ဆေးဝါး  စိုက်ပျိုးသူများ၊ အရောင်းအဝယ်ပြုလုပ်သူများနှင့် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူများကို စုံစမ်းဖော်ထုတ်နေပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီက ဆိုသည်။

 

ထိုသို့မူးယစ်ဆေးဝါးရောင်းချမှုများကို အာဏာမသိမ်းမီကတည်းက လုပ်ဆောင်နေကြခြင်းဖြစ်သော်လည်း အာဏာသိမ်းပြီးနောက် နယ်စပ်တစ်လျှောက် မငြိမ်သက်မှုနှင့် စစ်ရေးတင်းမာမှုကို အခွင့်ကောင်းယူပြီး စစ်ဘေးရှောင်များကို အမည်ခံအသုံးချ၍ ယခင်ကထက် အရောင်းအဝယ်ပိုလုပ်လာကြသည်ဟု ဆိုသည်။

 

ထိုကဲ့သို့ မူးယစ်ဆေးရောင်းဝယ်မှုများတွင် စစ်ဘေးရှောင်များအနေဖြင့် မပါဝင်ဘဲ သတင်းပေးတိုင်ကြားရန် ချင်းပြည်ကောင်စီက တိုက်တွန်းထားသည်။