စစ်ကောင်စီ ရိက္ခာပို့ယာဉ်တန်း နှစ်ကြိမ်အတိုက်ခံရပြီး ၅ဦးသေဟုဆို

Author  ကေဇက်
Categories
Published on Mar 16, 2024

မကွေးတိုင်း ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁)မှ ရေစကြို ခလရ (၂၅၈)သို့ ကားငါးစီးပါ ရိက္ခာပို့ယာဉ်တန်းကို  မတ်လ (၁၄) ရက်နေ့ နံနက် (၉)နာရီခန့်တွင် ကာကွယ်ရေး ပူးပေါင်းအဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်‌ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ သတင်းတာဝန်ခံက CJ Platform သို့ပြောသည်။

 

ပခုက္ကူလေယာဉ်ကွင်းအနီးတွင် ပွိုင့် သုံးပွိုင့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားနှစ်စီး ထိခိုက်ကာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

“ကားငါးစီးအနက် နှစ်စီးက မောင်းမရတော့လို့ ပခုက္ကူဘက်က လာဆွဲသွားတယ်ပေါ့နော် ၊တပ်သားသုံးဦးခန့် သေဆုံးတယ်လို့ စုံစမ်းသိရတယ်” ဟု ရေစကြိုမြို့နယ် ပကဖ၊ သတင်းနှင့်ပြန်ကြားတာဝန်ခံမှ ပြောသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ်(ပ.က.ဖ)၊ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂) (Pakkokku Ranger) ၊ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(၂) (Taty Gyi)၊ Young Force UG တို့မှ ပူးပေါင်းတိုက်ပွဲ ပုံဖော်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

ထို့ပြင် အထက်ပါရိက္ခာပို့၍‌ ပြန်လာသော ယာဉ်တန်းကို ဆန်းသစ်ရွာနှင့် ကျောက်လှေခါးရွာကြား တိုးဂိတ်အနီးအရောက် မတ်လ ၁၄ ရက် နေ့လယ် (၁၂) နာရီခန့်တွင် ပေပါမိုင်း နှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းသွေးနီပျောက်ကြားတပ်ဖွဲ့ -YSO၊ သတင်းနှင့်ပြန်ကြားတာဝန်ခံ ၊ကိုမျိုးမှ CJ Platform သို့ ပြောသည်။

 

အဆိုပါ တိုက်ခိုက်မှုကြောင့် ကားတစ်စီးပျက်စီးကာ ထိခိုက်ဒါဏ်ရာ ရရှိသူ များပြားကြောင်း၊ အပြင်းထန်ဒါဏ်ရာရရှိသူ နှစ်ဦးကို အရေးပေါ်ကားဖြင့် သယ်ဆောင်ပြီး ပခုက္ကူဆေးရုံသို့ ပို့ဆောင်နေစဉ် စက်မှုဇုံနားအရောက်တွင် တစ်ဦးသေဆုံး၍ ကျန်တစ်ဦးမှာ ဆေးရုံတွင်ပင် ဆေးကုသရင်း သေဆုံး‌သည်ဟု တိကျသော အတွင်းသတင်းမှ ရရှိကြောင်း ယင်းမှ ဆက်လက်ပြောသည်။

 

ထိုတိုက်ခိုက်မှုတွင် ဒေါင်းသွေးနီပျောက်ကြားတပ်ဖွဲ့-YSOမှ ဦးဆောင်၍ Underground Revolution Force -YSO ၊မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း 27 Revolution Force၊Royal Pakkokku Underground ၊မြိုင်(ပ.က.ဖ) ၊ပခုက္ကူခရိုင် တပ်ရင်း(၃) တို့မှ ပူးပေါင်းတိုက်ခိုက်ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သားများ သေဆုံးမှုနှင့် ပတ်သက်၍မူ CJ Platform အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။