ကလေး နန်းချောင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

Author မင်းထက်
Categories
Published on Mar 12, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်းက နန်းချောင်းရွာရှိ စာသင်ကျောင်းကို စစ်​ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 

ပြီးခဲ့သည့် မတ်လ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်တွင် အောင်မြင်သာရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က နန်းချောင်းရွာရှိ စာသင်ကျောင်းကို ဗုံးကြဲခဲ့သည့်အတွက် ကျောင်းတွင် စာသင်ခန်းတံခါးများနှင့် ပစ္စည်းအချို့ ပျက်စီးခဲ့ကြောင်း ယင်းပအဖထံမှ သိရသည်။

 

“ပြည်သူလူထုနဲ့ ကလေးတွေက ထိခိုက်မှုမရှိဘူး။ ဘာလို့ဆို နန်းချောင်းရွာက စစ်ရှောင်နေတာကြာပါပြီဗျ။ ကျောင်းက ရွာရဲ့ သုံးပုံတစ်ပုံနေရာဆိုတော့ ရွာထဲလို့ ပြောလို့ရတယ်။ ကျောင်းဆောင်အနေနဲ့ ကလေးတွေ စာသင်ခန်းနဲ့ စာအုပ်စာတမ်းထားတဲ့အခန်းတချို့ ပျက်ဆီးမှုရှိပါတယ်” ဟု ယင်းမြို့နယ် ပအဖ လူသားစာနာတာဝန်ခံက CJ Platform သို့ ပြောသည်။

 

နန်းချောင်းရွာနှင့် စစ်ကောင်စီတပ်စွဲထားသော အောင်မြင်သာရွာတို့သည် တစ်မိုင်ကျော်သာကွာဝေးပြီး စစ်ကောင်စီတပ်များက ရွာအနီးကို ဗုံးကြဲချခြင်းအပြင် လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်လေ့ရှိကြောင်း၊ ထိုကဲ့သို့ ဒေသတွင်းမတည်ငြိမ်မှုများကြောင့် ယမန်နှစ်ကတည်းက ကျေးရွာဒေသခံပြည်သူများသည် နီးစပ်ရာနေရာများတွင် စစ်ဘေးရှောင်နေကြကြောင်း ယင်းဒေသခံများထံမှ သိရသည်။

 

ကလေးမြို့နယ်အတွင်း ဖေဖော်ဝါရီလ ၂၁ ရက် နံနက်ပိုင်းမှစတင်ကာ ယနေ့အထိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကာ လူသားစာနာအကူအညီများစွာ လိုအပ်လျက်ရှိနေသည်။