ကိုးကန့်တပ် ၃၅ နှစ်ပြည့် TNLA နှင့် AA တို့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက သဝဏ်လွှာများပေးပို့ ၊ ကိုးကန့်တို့၏ ရွှေရောင်ကာလများနီးလာပြီဟု မဟာမိတ် TNLA နှင့် AA ဆို  

Published on Mar 11, 2024

ယနေ့ မတ်လ ၁၁ ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာတပ်မတော်(MNDAA)၏ ၃၅ နှစ်မြောက်အခမ်းအနားသို့ ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအတူဆင်နွှဲခဲ့ကြသည့် ရက္ခိုင့်တပ်တော်(AA)နှင့် တအောင်းတပ်မတော်(TNLA)တို့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

 

ကိုးကန့်တပ်မတော်(ကိုးကန့် အဖွဲ့အစည်း)ကို ၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်နေ့မှစတင်ဖွဲ့စည်းခဲ့သည့်အတွက် ယနေ့မတ်လ ၁၁ ရက်နေ့တွင် ၃၅ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

 

ယခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ထိကို ကိုးကန့်တို့၏ အိမ်ပြန်ခရီးအဖြစ်သတ်မှတ်နိုင်ပြီး ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲအပြီး ကိုးကန့်အဖွဲ့အစည်းအနေဖြင့် အတိုင်းအတာတစ်ခုထိ အောင်မြင်ခဲ့သည်ဟု တအောင်းနှင့် ရခိုင်တပ်မတော်တို့၏ သဝဏ်လွှာအတွင်း ထည့်သွင်းဖော်ပြထားသည်။

 

ထိုမှတစ်ဆင့် ကိုးကန့် ပြည်လည်ဖွံ့ဖြိုးရေးနှင့် ပြန်လည်တည်ဆောက်ရေးတို့အတွက် စိန်ခေါ်မှုပေါင်းများစွာကို ဖြတ်ကျော်နိုင်ခဲ့ပြီး ရွှေရောင်ကာလ ပြန်လည်ရောက်ရှိမည်ကိုယုံကြည်သည်ဟု ဆိုကြသည်။

 

၎င်းတို့ညီနောင်မဟာမိတ် နှစ်ဖွဲ့အနေဖြင့်လည်း စစ်ရေး၊ နိုင်ငံရေး၊ မဟာမိတ်ပီသစွာဖြင့် ယခင်ရပ်တည်ချက်၊ ယုံကြည်ချက်များအတိုင်း ချစ်ခင်ရင်းနှီးစွာ အမြဲအတူရှိနေမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

 

အလားတူ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပူးပေါင်းပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)တို့ကလည်း MNDAA ၏ ၃၅ နှစ်ပြည့်အထိမ်းအမှတ် သဝဏ်လွှာများအသီးသီးပေးအပ်ထုတ်ပြန်ခဲ့ကြသည်။