CDF မတူပီ တပ်မဟာ နှစ်ခု ခွဲခြားဖွဲ့စည်း

Author လဂွန်းအိမ်
Categories
Published on Mar 07, 2024

ချင်းပြည်နယ် မတူပီမြို့နယ်ရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ(CDF Matupi)သည် တပ်ရင်းတပ်ဖွဲ့များဖြင့် ဖွဲစည်းထားရာမှ ဖေဖော်ဝါရီလကုန်ပိုင်းတွင်ကျင်းပခဲ့သည့် တတိယအကြိမ်ညီလာခံမှတစ်ဆင့် တပ်မဟာ ၂ ခုအဖြစ် ခွဲခြားဖွဲ့စည်းလိုက်ကြောင်း ထိုအဖွဲ့ထံမှ သိရသည်။

 

မတူပီမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ အရပ်ဘက်တော်လှန်ရေးအင်အားစုများအပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ၏ တပ်ရင်းတပ်ဖွဲ့များဖြင့်ကျင်းပခဲ့သည့် ညီလာခံအတွင်း ဆွေးနွေးချက်များစွာထဲမှ တပ်မဟာ ၂ ခုဖွဲ့စည်းခြင်းနှင့် ချင်းနိုင်ငံရေးကိစ္စရပ် စသည့်ဆွေးနွေးချက်နှစ်ရပ်ကို အတည်ပြုနိုင်ခဲ့သည်ဟု CDF Matupi ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

 

“ဒီညီလာခံမှာက ချင်းနိုင်ငံရေးကို အဓိကထားဆွေးနွေးထားတာဖြစ်ပြီးမှ အဓိက ဒီ ICNCC ဆိုတဲ့ဟာနဲ့ Chinland Council ဆိုတဲ့ လောလောဆယ်ဖြစ်နေတဲ့ချင်းနိုင်ငံ‌ရေးကို အဓိကဆွေးနွေးသွားတာဖြစ်တယ်။ ကျွန်တော်တို့ မတူပီ‌အနေနဲ့ ဘယ်လိုသွားကြမလဲဆိုပြီး ဘယ်ဟာကိုဦးတည်ပြီးသွားကြမလဲဆိုတဲ့ဟာကို ကျွန်တော်တို့အဓိကထား ဆွေးနွေးခဲ့ကြတယ်” ဟု CDF Matupi ၏ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းနိုင်လွန်းကင်းက CJ Platform သို့ ပြောသည်။

 

ထိုသဘောတူညီချက်များအတွင်းမှ တစ်ခုဖြစ်သည့် မတူပီမြို့နယ်အတွင်း တပ်မဟာ နှစ်ခုအဖြစ် ခွဲဖွဲ့ခဲ့ရာတွင် CDF Matupi ၏ တပ်မဟာ ၁ တွင် တပ်ရင်း ၁ နှင့် ၅ တို့ပါဝင်ပြီး တပ်မဟာ၂ တွင် တပ်ရင်း ၂၊ ၃၊ ၄ တို့အပြင် ညီလာခံတွင်အသစ်ထပ်မံဖွဲ့စည်းလိုက်သည့် တပ်ရင်း ၆ တို့ပါဝင်ကြောင်း သိရသည်။

တပ်မဟာအလိုက် ထိန်းချုပ်နေရာများမှာ တပ်မဟာ ၂ ၏ တပ်ရင်း ၂ က ဟားခါးလမ်းဘက်တစ်လျှောက်၊ တပ်ရင်း ၃ က ပလက်ဝလမ်း၊ တပ်ရင်း ၄ က သံထောင်လမ်းဘက်နှင့် မင်းတပ်လမ်းဘက်တွင် တပ်မဟာ ၁ ၏ တပ်ရင်းများ ရှိနေမည်ဖြစ်ကြောင်း သိရသည်။

 

ICNCC နှင့် CC အဖွဲ့ဟူ၍ ချင်းပြည်တွင် သဘောထားကွဲလွဲနေကြရတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ၏ တပ်မဟာ ၁ သည် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)ကို အားသာသည့် သဘောထားရှိပြီး တပ်မဟာ ၂ သည် ချင်းပြည်ကောင်စီ (Chinland Council) ကို လက်ခံသည့် အဖွဲ့အစည်းဖြစ်သည်ဟု သိရသည်။

 

“လောလောဆယ်ပြည်သူတွေက ကွဲတယ်လို့ ဆိုတဲ့ဟာမှာလည်း အုပ်ချုပ်ရေးပိုင်းမှာရော စစ်ရေးပိုင်းမှာရော အကုန်လုံးကွဲတယ်လို့ထင်ကြလိမ့်မယ်။ ဆိုတော့ လောလောဆယ်တော့ လုံးဝ ဒီအဆင်အထိမရှိပါဘူး။ စစ်ရေး ဆိုတာမှာလည်း ကွဲလွဲမှုတွေမရှိပါဘူး။ နိုင်ငံရေးအရပဲ နည်းနည်းပါးပါး စောင့်ကြည့်တဲ့ အခြေအနေမျိုး ရှိတဲ့အတွက်ကြောင့်ပါ” ဟု ဆလိုင်းနိုင်လွန်းကင်းက CJ Platform ၏ မေးမြန်းခြင်းကို ပြန်လည်ဖြေကြားသည်။

 

CDF မတူပီတွင် နိုင်ငံရေးအရ တပ်မဟာ ၁ ၊ ၂ ဖြစ်ပေါ်လာခြင်းသည် လွတ်လပ်သည့် စုဖွဲ့မှုကောင်းသည့် စုဖွဲ့မှုမျိုး ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး မကြာမီအချိန်တွင်း တပ်မဟာ ၁ နှင့် ၂ တွေ့ဆုံညှိနှိုင်းမှုများ ဆောင်ရွက်ပြီးနောက် ပိုမိုကောင်းမွန်သည့် စုဖွဲ့မှုမျိုးဖြစ်စေရန် ဆောင်ရွက်သွားရန်ရှိသည်ဟု ၎င်းက ဆိုသည်။

 

မတူပီမြို့နယ်ကို ချင်းကာကွယ်ရေတပ်ဖွဲ့များအနေဖြင့် အလုံးစုံထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ ယမန်နှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီ၏ထယ်ဘွေးစခန်းကို သိမ်းပိုက်ထားသည်။ မတူပီမြို့ပေါ်တွင် စစ်ကောင်စီ၏ အခြေစိုက် ဗျူဟာကုန်းအပါအဝင် ခလရ ၃၀၄ နှင့် ခလရ ၁၄၀ ကဲ့သို့သော တပ်ရင်းအချို့ ရှိနေဆဲဖြစ်သည်။