လက်ယက်ကုန်းဖြစ်စဥ်နှင့် ပတ်သတ်ပြီး စစ်ကောင်စီကို အရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်း CRPHထုတ်ပြန်

Author ခေတ်နီ
Categories
Published on Sep 22, 2022

မြန်မာစစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုများနှင့် လက်ယက်ကုန်းဖြစ်စဥ်အတွင်း ကလေးငယ်များကို ဦးတည်တိုက်ခိုက်ခဲ့မှုများအတွက် စစ်ကောင်စီကို အရေးယူရန် လုပ်ဆောင်နေကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPHက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဟ ရဟတ်ယာဉ်အသုံးပြု၍ တိုက်ခိုက်ခဲ့မှုအပေါ် နိုင်ငံတကာ အစိုးရများနှင့် လွှတ်တော်များက ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့် ကန့်ကွက်ရှုတ်ချခြင်းအပါအဝင် ဖြစ်နိုင်သမျှ အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးနိုင်ရေး အတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာပါလီမန်များအဖွဲ့၊ အာဆီယံပါလီမန်များအဖွဲ့များသို့ အကြောင်းကြားစာပေးပို့ခဲ့ကြောင်း CRPHကဆိုသည်။

ဒါ့အပြင့် ယင်းဖြစ်စဉ် ဖြစ်ပွားသည့် နေ့မှစ၍ လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး နယူးယောက်မြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်း ၎င်း၏ အစည်းအဝေးများတွင် ယင်းလူမဆန်သော စစ်ရာဇဝတ်မှုကို ဦးစားပေး၍ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက အာဏာသိမ်းခဲ့သည့် အချိန်မှစပြီး စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက လူနေအိမ်များ၊ စစ်ဘေးရှောင်စခန်းများသို့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်းများကြောင့် ကလေးသူငယ် ၃၅၀ ဦးခန့် သေဆုံးခဲ့ကာ ၁၅၀၀ဦးခန့်မှာ မတရားဖမ်းဆီးခံထားရလျက်ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိသည်။

ထို့အပြင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မိဘများအား ဖိအားပေးရန်အတွက် ကလေးသူငယ်များအား ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ ၆၅ ဦးခန့်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူမဆန်သော လုပ်ရပ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကလေးသူငယ် အရေအတွက်မှာ ၁၄၀၀၀ကျော်ရှိပြီ ဖြစ်သည်။ ထို့ပြင် ကလေးသူငယ် ထက်ဝက်ကျော်မှာ ကျောင်းတက်ခွင့်နှင့် ပညာသင်ကြားခွင့်တို့ ဆုံးရှုံးလျက်ရှိနေတယ်လို့လည်း သိရသည်။

CRPHအနေဖြင့် စစ်ကောင်စီ၏ စာသင်ကျောင်းများအပေါ် လေကြောင်းတိုက်ခိုက်မှုများအပါအဝင် မြန်မာနိုင်ငံရှိ ကလေးသူငယ်များအား သတ်ဖြတ်နေမှုများနှင့် အကြမ်းဖက်မှုများမှ အချိန်မီ ကာကွယ်ပေးရန်နှင့် စစ်ရာဇဝတ်မှုများအား ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်တပ်အား နိုင်ငံတကာဥပဒေများနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး နိုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမယ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Related News

Depend on news