ကရင်နီ ဒေသတွင်း မဖြစ်မနေသွားလာရေးလိုအပ်မှုများအတွက်  ယာဉ်လိုင်းများ စတင်ပြေးဆွဲနေကြောင်း ဦးအယ်လ်ဖောင်းရှို ပြော

Author လင်းနွေဦး
Categories
Published on Feb 19, 2024

ကရင်နီ (ကယား)ပြည်တွင် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)မှ ဒေသတွင်း ပြည်သူများ သွားလာရေးအဆင်ပြေစေရန်  ယာဉ်လိုင်း စတင်ပြေးဆွဲနေပြီ ဖြစ်ကြောင်း IEC သယ်ယူပို့ဆောင်ရေးဌာနခွဲ ဌာနမှူးကြီး ဦးအယ်လ်ဖောင်းရှိုက CJ Platform သို့ ပြောသည်။

 

ကရင်နီပြည်တွင် ကြားကာလ အစီအမံ ပုဒ်မ(၃၂)၊ ပုဒ်မခွဲ(ခ)၊ပုဒ်မခွဲငယ်(၅)တို့ပါ ပြဌာန်းချက်နှင့်အညီ ကုန်သွယ်ရေး၊ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖွဲ့စည်းကာ ဖေဖော်ဝါရီ ၁၆ရက် သောကြာနေ့က ယင်းဌာနလက်အောက်ရှိ သယ်ယူပို့ဆောင်ရေး ဌာနခွဲမှ IEC ယာဉ်လိုင်းဖြင့် ဒီမော့ဆို-မော်ချီး-မယ်စဲ့ ဒေသများသို့ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

 

“(စစ်မီးကာလအတွင်း)ကူးလူးဆက်ဆံရာမှာ အ​ပြန်အလှန် နားလည်ယုံကြည်မှုနဲ့ မဖြစ်မနေ သွားလာဆောင်ရွက်လိုတဲ့ ကိစ္စတွေအတွက် အဆင်ပြေဖို့ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။တနင်္လာနဲ့ ကြာသပတေး နှစ်ရက်ကို ယာဉ်လိုင်းပြေးဆွဲတဲ့ ရက်တွေအဖြစ် သတ်မှတ်ထားပါတယ်”ဟု IEC သယ်ယူပို့ဆောင်ရေးဌာနခွဲ ဌာနမှူးကြီး ဦးအယ်လ်ဖောင်းရှိုက CJ Platform သို့ပြောသည်။

 

သယ်ယူပို့ဆောင်ရေးအတွက် ယာဉ်များစီစဉ်ထားမှုတွင်လည်း သွားလာရကောင်းမွန်သည့် 4 Wheel (Double Cup)ကားများဖြင့် သယ်ယူပို့ဆောင်ပေးကာ ခရီးသည်တစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်း ကုန်ကျမည်ဖြစ်ပြီး ၅ နှစ်အောက် ကလေးငယ်များအတွက်မှု အခမဲ့ စီးနင်းခွင့်ပေးထားကြောင်း၊ ကုန်ကျစရိတ် သုံးသိန်းသည်လည်း ခရီးစဉ်တစ်ခုစာအတွက်သာဖြစ်ကြောင်း ဦးအယ်လ်ဖောင်းရှိုးမှ ဖြည့်စွက်ပြောသည်။

 

“လက်မှတ်ဖြတ်တဲ့အခါ သက်ဆိုင်ရာ ဆက်သွယ်ရေးနံပါတ်တွေနဲ့  လက်မှတ်ဖြတ်ဌာနတွေမှာ လက်မှတ်ဝယ်ယူနိုင်တယ်။ ခရီးလမ်းအကြောင်းနဲ့ အသေးစိတ်သိလိုတဲ့ အကြောင်းအရာတွေကို တာဝန်ခံက ရှင်းပြပေးတာတွေ လုပ်ဆောင်ပေးပါတယ်”ဟု ဌာနမှူးကြီး ဦးအယ်လ်ဖောင်းရှိုက CJ Platform သို့ ပြောသည်။

 

ကရင်နီပြည်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်၌ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) နှင့် ပူးပေါင်းမဟာမိတ်အင်အားစုများမှ  (၁၁.၁၁)စစ်ဆင်ရေးအမည်ဖြင့် စစ်ရေးလှုပ်ရှားမှုများဖော်ဆောင်ခဲ့ပြီး လွိုင်ကော်၊ဒီမောဆို၊ရှားတော ၊ဘောလခဲ ၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်စပ် မိုးဗြဲ၊ဖယ်ခုံ မြို့များရှိ စစ်ကောင်စီ တပ်စခန်း ၂၀ ထက်မနည်းကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး မော်ချီးနှင့် မယ်စဲ့ မြို့များကိုလည်း အပြီးသတ်သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ ကရင်နီ ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)မှ သယ်ယူပို့ဆောင်ရေးဌာနခွဲအောက်တွင် ယခုကဲ့သို့ ယာဉ်လိုင်းများ ပြေးဆွဲနေခြင်းဖြစ်သည်။

 

တော်လှန်ရေးအင်အားစုများ စိုးမိုးထားနိုင်သည့် ဒေသများတွင် ကြားကာလ အုပ်ချုပ်ရေး ဆောင်ရွက်မှု အခြေအနေများအနက် ပြည်သူများ အန္တရာယ်ကင်းစွာ သွားနိုင်ရေးအတွက် ယာဉ်လိုင်းများ ပြေးဆွဲမှုသည် ကရင်နီဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက်မှုသည် ကနဦးဖြစ်သည်။