နိုင်/ကျဉ်းသူဟောင်း မနိုဘယ်လ်အေးနှင့်အတူ နိုင်/ကျဉ်းတစ်ဦး ထွက်ပြေးရန်ကြံစည်သည်ဟုဆိုကာ စစ်ကောင်စီပစ်ခတ်သတ်ဖြတ်၍ သေဆုံး

Author လင်းနွေဦး / လဂွန်းအိမ်
Categories
Published on Feb 16, 2024

ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်း ဖမ်းစီးခံခဲ့ရသော နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးနှင့်အတူ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPN Myanmar)နှင့် မိသားစုဝင်တစ်ဦးတို့ထံမှ သိရသည်။

 

၎င်းတို့၏ ရုပ်အလောင်းများကို ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း PPN Myanmar ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform သို့ ပြောသည်။

 

မနိုဘယ်လ်အေးသည် ပြီးခဲ့သည့်ဇန်နဝါရီလ ၂၉ ရက်နေ့က ပဲခူးတိုင်း၊ ညောင်ခါးရှည်ဂိတ်တွင် ဖမ်းဆီးခံခဲ့ရပြီးနောက် ပဲခူးအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။

 

၎င်းနှင့်အတူ နိုင်/ကျဉ်းနှစ်ဦးကို ဖေဖော်ဝါရီလ ၈ ရက်နေ့က ဝေါမြို့နယ်တရားရုံးတွင် ရုံးထုတ်၊ ရမန်ယူပြီး အပြန်လမ်းတွင် အတူပါလာသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဟိန်း(ခ)ကိုလေးခွင်းက သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအ‌‌ရောက် ထွက်ပြေးရန်ကြိုးစားသည်ဟုဆိုကာ ၎င်းတို့နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

 

“သူတို့ ထွက်ပြေးရန်ကြံစည်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးထိန်းသိမ်းဖို့ကြိုးစားတယ်။ ခြောက်လှန့်ပစ်ခတ်တယ်ဆိုပြီး အဲဒီမှာသူနဲ့အတူတူပါတဲ့ ဖမ်းခံရတဲ့လူငယ်တစ်ယောက်ဆီကသိရတယ်။ တကယ်တော့ ဒါကအကြောင်းပြချက်သက်သက်ဖြစ်ပြီး သတ်ဖြတ်ခံရတာဖြစ်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

 

မနိုဘယ်လ်အေး သေဆုံးမှုနှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်က မိသားစုဝင်များကို ဆက်သွယ်သတင်းပေးခဲ့ခြင်းမရှိဘဲ ၎င်းတို့ကိုယ်တိုင် သင်္ဂြိုလ်ခဲ့ခြင်းဖြစ်ကြောင်း မနိုဘယ်‌လ်အေး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

 

“အမကို လူမသိသူမသိ ပိုင်ရှင်မဲ့အလောင်းအနေနဲ့ သင်္ဂြိုလ်ခဲ့တာ။ ဘယ်နေရာမှာ သင်္ဂြိုလ်ခဲ့လည်း မသိရဘူး။ သေဆုံးမှုနဲ့ပတ်သက်ပြီး အကြောင်းကြားခဲ့ခြင်းလည်းမရှိဘူး။ ကျွန်တော့်ကို အတည်ပြုပေးတာက NUG ရဲ့ ပြည်ထဲရေးဘက်က အရင်သနပ်ပင်တိုင်းဒေသကြီးကိုယ်စားလှယ် ကိုမင်းထက်သာက အတည်ပြုပေးမှသိရတာ”  ဟု ၎င်းက ပြောသည်။

 

စစ်ကောင်စီလက်ချက်ဖြင့် ကျဆုံးခဲ့ရသည့် မနိုဘယ်လ်အေးသည် လက်နက်များ ဝှက်သယ်ဆောင်လာသည်ဟုသတင်းအရ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များက ပဲခူးမြို့အဝင်တွင် မော်တော်ကားတစ်စီးကို စစ်ဆေးရာမှ နနွင်း(ဆနွင်း)အိတ်အတွင်း ဝှက်သယ်လာသည့် စနိုက်ပါ တစ်လက်၊ M16 သေနတ်တစ်လက်၊ ပစ္စတို တစ်လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၂၉၀ဝ တောင့်၊ ယမ်းပျော့ ၆ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိသည်ဟုဆိုကာ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။

 

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် မနိုဘယ်လ်အေး ဖမ်းဆီးခံရပြီး နောက်ရက်များ၌ အမျိုးသားတစ်ဦးနှင့်အတူရိုက်ထားသည့် ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေခဲ့ကြသည်။

 

မနိုဘယ်လ်အေးသည် ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့် ထောင်ဒဏ်(၄၂)နှစ်အထိ ကျခံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်ကြောင်း၊ ထို့နောက် ၂၀ဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့သည့်အတွက် ထပ်မံဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး Covid-19 ကာလများတွင်လည်း ပရဟိတအရေးတက်ကြွစွာပါဝင်လှုပ်ရှားနေခဲ့သူတစ်ဦးဖြစ်သည်ဟု မနိုဘယ်လ်အေးနှင့် နီးစပ်သူများသာမက နိုင်ငံရေးအကျဉ်းသားအသိုင်းအဝိုင်းက ပြောဆိုကြသည်။