ရွှေဘို ရွာသာရွာတိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိ ◼ စစ်ရှောင် ၂၀၀ ကျော်အတွက် အရေးပေါ်အကူအညီများလိုအပ်

Author မင်းထက်
Categories
Published on Feb 14, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ပျူစောထီး(ပြည်သူ့စစ်)အားကောင်းသော ရွာသာရွာတိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 

စစ်ကောင်စီလက်အောက်ခံ တပ်သားနှင့် ပျူစောထီး ၄၀ ဦးခန့် စခန်းချနေသော ရွာသာပျူရွာကို တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ပြီး ပျူစောထီးစခန်းများနှင့် ဘန်ကာများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁ နာရီအချိန်မှ စတင်တိုက်ခိုက်ခဲ့သည့်တိုက်ပွဲကို တော်လှန်ရေးတပ်ဖွဲ့ဘက်မှ အသာစီးတိုက်ခိုက်နိုင်ခဲ့သော်လည်း ကျည်၊ ရိက္ခာလိုအပ်ချက်ကြောင့် ခေတ္တအနားယူခဲ့ရကြောင်း သိရသည်။

 

ထို့နောက် နံနက် ၅ နာရီခန့်တွင် ထပ်မံတိုက်ခိုက်ခဲ့ရာ ​ရွာသာပျူရွာကို နံနက် ၁၀ နာရီတွင် အပြီးသတ်ချေမှုန်းနိုင်ခဲ့ပြီး သေဆုံး စစ်ကောင်စီတပ်သားနှင့် ပျူစောထီး အလောင်း ၇ လောင်းကိုသယ်ဆောင်ပြီးနောက် ပလိုင်းကျေးရွာအထိုင်စခန်းသို့ ထွက်ပြေးသွားက ကြောင်း သိရသည်။

 

တော်လှန်ရေးပူးပေါင်းအဖွဲ့များဘက်မှ PDF ရဲဘော် ၃ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

 

“ကျဆုံးရဲဘော်က သုံးယောက်ရှိတယ်ဗျ။ ကျွန်တော်တို့ဆီက တပ်စုမှူးဖြစ်တယ်။ အသက် ၁၉ နှစ်ပဲ ရှိသေးတယ်။ တကယ်ကိုမှ အမိန့်နာခံ အားကောင်းပြီး စိတ်အားထက်သန်တဲ့ လူငယ်လေးဖြစ်တယ်။ ပြီးတော့ အညာထဲမှာလုပ်တဲ့ အမှတ်စဥ် ၁ သင်တန်းဆင်းဖြစ်တယ်။ ရဲဘော်လေးရဲ့စျာပနကို မနေ့က သူရဲ့ဇာတိရွာမှာ တစ်ခါတည်းလုပ်ဖြစ်ခဲ့တယ်။ မနေ့က မနက်မှာကျပြီး ညနေ ၅ နာရီမှာ သင်္ဂြိုဟ်ပေးခဲ့တယ်” ဟု တိုက်နယ် (၅) တပ်ပေါင်းစု 96 soldiers-PDF အညာဒေသတပ်ခွဲ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

ယင်း ပျူစောထီးစခန်း တိုက်ခိုက်ဖျက်ဆီးရာတွင် ကိုးလုံးပြောင်ချော ၁ လက်၊ MA2 ကျည်ဘောက်တစ်ခု၊ အီနာဂါဗုံးသီး ၂ လုံး၊ စစ်ယူနီဖောင်းနှင့် ဦးထုပ်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပျူစောထီးစခန်းသိမ်းတိုက်ပွဲကို ရွှေဘိုမြို့နယ် တိုက်နယ် ၅ ပကဖအဖွဲ့များနှင့် တိုက်ခိုက်ရေးအဖွဲ့၊ ရွှေမင်းသား ပကဖ စိုင်းနိုင်းတိုက်နယ်၊ တောဗိုလ် ပကဖ စိုင်းနိုင်းတိုက်နယ်နှင့် ပကဖ ခင်ဦးတိုက်နယ် အရှေ့ခြမ်း (9 PDF)အဖွဲ့တို့နှင့် မဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား စစ်ရေးတင်းမာမှုများကြောင့်  ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည့် ပြည်သူ ၂၀၀ ကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာအကူညီများ လိုအပ်လျက်ရှိကြောင်း ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

“ကျွန်တော်တို့နေတဲ့ဆီက စစ်ဘေးရှောင်ပြတ်တယ်လို့မရှိဘူး။ ​ွေးခြံနဲ့လည်းဝေးတော့ ကျွန်တော်တို့ဆီရောက်ရောက်လာတယ်။ မနေ့က တိုက်ပွဲကြောင့် လုံးတော်ရယ်၊ ဒီကနေ့ စစ်ကြောင်းကြောင့် ချီပါရယ်၊ မဲတောရယ်ပါ။ အဓိကလိုအပ်ချက်ကတော့ စားနပ်ရိက္ခာ ထမင်း၊ ဆန်ပေါ့ဗျာ” ဟု ၎င်းကဆိုသည်။

 

ယနေ့ ဖေဖော်၀ါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့မှ ခန့်မှန်းအင်အား ၁၀၀ ခန့်ဖြင့် ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုး၀င်ရောက်လာမှုကြောင့် ဒေသတွင်းပြည်သူများတိမ်းရှောင်နေရကြောင်း၊ လက်တလောတွင် ချီပါရွာ၌ တပ်ဆွဲထားကြောင်း ရွှေဘိုမြို့နယ်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။