မြင်းမူမြို့ရှိ စစ်ကောင်စီ ပစ်မှတ်များကို PDF များ အလစ်၀င်တိုက်

Author မင်းထက်
Categories
Published on Feb 14, 2024

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ စစ်ကောင်စီတပ်စွဲထားရာ စီးပွားရေးဘဏ်နှင့် မြို့မရဲစခန်းကို PDF ပူးပေါင်းတပ်များက အလစ်၀င်ရောက် တိုက်ခိုက်ခဲ့​ကြောင်း Dog Killers People’s Defence Force (DK PDF-MMU) ပြန်ကြားရေး တာ၀န်ခံထံမှ သိရသည်။

 

“အထိအခိုက် အတိကျ​ကိုတော့ စုံစမ်းဆဲပါဗျ။ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ အလစ်အငိုက် ဝင်ရောက် ပစ်ခတ်ခဲ့တာပါ” ဟု Dog Killers People’s Defence Force (DK PDF-MMU) ပြန်ကြားရေး တာ၀န်ခံက ပြောသည်။

 

ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က စီးပွားရေးဘဏ်တွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ရှိရာနေရာသို့ တိတိကျကျ လက်နက်ကြီးထိမှန်ခဲ့သည့်အတွက် ထိခိုက်ကျဆုံးမှုရှိနိုင်ကြောင်း အထက်ပါ တာ၀န်ရှိသူက ပြောသည်။

 

“သူတို့ စခန်းချရာ အနီးဝန်းကျင်က ဖြတ်သွားဖြတ်လာလူတွေကို စစ်ဆေးတာ၊ အနိုင်ကျင့်ဗိုလ်ကျတာတွေတော့ အမြဲလိုလုပ်တယ်။ သူတို့က စခန်းချတဲ့ နေရာကလွဲရင် ဝေးဝေးလံလံ သိပ်မထွက်ဘူးဗျ။ မထွက်ရဲတာလား၊ ဘာလားတော့ မသိဘူးဗျ” ဟု မြင်းမူမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

 

ယင်းစစ်ဆင်ရေးကို Dog Killers People’s Defence Force (DK PDF-MMU)၊ မြင်းမူမြို့နယ် ပ.က.ဖ၊ ဇာမဏီ(MMU)၊ မြင်းမူဖိုက်တာ(MMU)၊ ဒေါင်းဘုရင်(MMU)၊ D.B.B.F.MMU၊ မြင်းမူမြို့နယ် အနောက်ခြမ်း ပ.က.ဖ. စသည့် မဟာမိတ်အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

ထို့ပြင်  ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် မြင်းမူမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်ဆွဲထားရာ စီးပွားရေးဘဏ်နှင့် မြင်းမူမြို့မရဲစခန်းကို PDF ပူးပေါင်းတပ်များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု ၂ နာရီကျော် ကြာမြင့်ခဲ့​ကာ တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အင်အားအပြည့် တင်ဆောင်လာသည့် ကားနှစ်စီးဝင်ရောက်လာကာ ၎င်းတို့ တပ်စွဲထားရာ နေရာတဝိုက်သို့ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှုကိုမူ ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK PDF-MMU)၊ မြင်းမူမြို့နယ် ပကဖ  ၊ Myinmu Local Defence Force (MMU) ၊ Spring Soldier(နွေဦးရဲဘော်)၊ ဇေယျာရွေမြေ(MMU) ၊  Moe Nyo Revolution Force(MNRF) ၊ D.B.B.F.MMU ၊ မြင်းမူမြို့နယ် အနောက်ခြမ်း ပကဖ စသည့် မဟာမိတ်အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။