သရက်ကန်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံများ တိုက်ခိုက်ခံရပြီး ၇ဦးသေဆုံးကာ ၅ဦး အရှင်ဖမ်းမိ

Author မင်းထက်
Categories
Published on Feb 14, 2024

မကွေးတိုင်း၊ မြိုင်​မြို့နယ်ရှိ သရက်ကန်ပျုရွာ၏ တောင်ဘက်တွင် ကင်းပတ်နေသော ပျု(ပြည်သူ့စစ်)များကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ရာ ခုနစ်ဦးသေဆုံးကာ ၊ ငါး ဦး အရှင်ဖမ်းမိထားကြောင်း Young Force – UG သတင်းပြန်ကြားရေး တာ၀န်ခံ ကိုပိန်က CJ Platform သို့ ပြောသည်။

 

သရက်ကန်ပျူရွာ၏ တောင်ဘက်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် ၇ နာရီခွဲခန့်က လက်နက်ကိုင် ပျူ(ပြည်သူ့စစ်) ရှစ်ဦးနှင့် လက်နက်မပါသူ ခုနစ်ဦး  စုစုပေါင်း ၁၅ဦးဖြင့် ကင်းလှည့်ထွက်လာသည်ကို  ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

ထို ငါးဦးကို သုံ့ပန်းအနေဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ၊  နောက်ပိုင်းတွင်  လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်သွားမည်ဟု  Young Force – UG ပြန်ကြားရေးတာ၀န်ခံ ကိုပိန်က ပြောသည်။

 

“နှစ်ဦးပစ်လိုက်တော့ ကျန်တဲ့ငါးယောက်က လက်ထောင်ပြီးအရှုံးပေး အရှင်ဖမ်းမိတာပေါ့။ ပြီးတော့ အလောင်းကိုလဲ ကောက်မသွားတော့ အလောင်းတွေကို ဒီတိုင်းထားထားတယ် ပျူတွေထွက်လာအောင် ရွာပတ်ပတ်လည်က ကင်းတဲတွေ လိုက်မီးရှို့တယ်။ မီးရှို့တော့ ပျူတွေထပ်ထွက်လာပြီး အလောင်း ကောက်တဲ့ချိန်  ပစ်တော့ ငါး ကောင်ထပ်ကျတယ်” ဟု Young Force – UG ပြန်ကြားရေးတာ၀န်ခံ ကိုပိန်က ပြောသည်။

 

အရှင်ဖမ်းဆီးရမိသည့် သုံ့ပန်းများကိုမူ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းလည်း ၎င်းမှ ဆက်လက်ပြောသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို ပူးတွဲစစ်ဆင်ရေး(၃)အဖြစ် Badassess Burma Force, TYK ပျောက်ကြားတပ်ဖွဲ့၊ မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၂၊  Pakokku People’s Defence Force ၊ Earthquake People’s Defence Force ၊ မြိုင်ပကဖ တပ်ရင်း(၁) ခွဲ(၄)စကြာ်တပ်ဖွဲ့နှင့် Young Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။