အုတ်ဖိုရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်မှု ရဲ သုံးဦးထက်မနည်းသေဆုံး

Published on Feb 09, 2024

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ တာဆုံစစ်ဆေးရေးဂိတ်ကို ယနေ့ ဖေဖော်ဝါရီ ၉ ရက် နံနက်အစောပိုင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင် သုံးဦးထက်မနည်းသေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။

 

ပဲခူးတိုင်း၊  သာယာဝတီခရိုင်၊ ယနေ့ နံနက် ၅ နာရီ မိနစ် ၄၀ ခန့်တွင် အုတ်ဖိုတာဆုံ၊ ရဲကင်းစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့ဘက်က လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲသုံးဦးခန့် သေဆုံးနိုင်သကဲ့သို့ လေးဦးခန့် ဒဏ်ရာရရှိနိုင်ကြောင်း သာယာဝတီခရိုင် အမှတ်(၁) တပ်ရင်းမှ ထုတ်ပြန်ချက်အရ သိရသည်။

 

ယခုတိုက်ခိုက်မှုသတင်းကို စစ်ကောင်စီဘက်မှ သေဆုံးသူများရှိခဲ့ရာ သေဆုံးစာရင်းကို ဖုံးထားပြီး တိုက်ပွဲမဖြစ်ခဲ့သသကဲ့သို့ အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းပြီး ပြည်သူများကို စစ်ဆေးရေးတိုးမြှင့်လုပ်ဆောင်နေကြောင်း သာယာဝတီခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ခွဲ(၅)ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

“သေတာကတော့ သူတို့ဘက်က သုံးဦးအနည်းဆုံးပဲ။ တော်တော်ဝေးဝေးက ပစ်ကြရတာဆိုတော့ သေဆုံးစာရင်းအတိအကျနဲ့ ဘယ်သူတွေ၊ ဘယ်ဝါတွေဆိုတာ အတည်မပြုနိုင်သေးဘူး။ ခုတိုက်ပွဲဖြစ်ထားတာကို ဘာမှမဖြစ်ခဲ့သလို ဖုံးထားတာ ရှင်းထားတယ်။ အဲဒီနေရာမှာ ပြည်သူတွေကိုလည်း စစ်ဆေးရေးကြမ်းနေတယ်”  ဟု CJ Platform သို့ ပြောသည်။

 

အုတ်ဖိုတာဆုံရှိ ရဲကင်းမှ စစ်သားနှင့် ရဲများသည် အနီးရှိ KTV နှင့် တရားမဝင် အရက်ဆိုင်များကို ဆက်ကြေးများတောင်းခြင်းအပြင် ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်များကိုလည်း အကြောင်းအမျိုးမျိုးပြ၍  ငွေကြေးမတရားကောက်ခံနေကြောင်း ဒေသခံများက ဆိုသည်။

 

“တာဆုံနားက KTV နဲ့ အရက်ဆိုင်တွေကို ဆက်ကြေး တောင်းတယ်။ စစ်ဆေးရေးဂိတ်မှာဆိုလည်း ဆိုင်ကယ်စီးလာတဲ့ ပြည်သူတွေကို PDF သံသယရှိတယ်ဆိုပြီး စစ်တယ်။ ဆိုင်ကယ်မှာ အနောက်ကြည့်မှန် မပါလို့၊ ဆိုင်ကယ်စီးဦးထုပ်မပါလို့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ငွေတောင်းနေတာ” ဟု အုတ်ဖိုဒေသခံတစ်ဦးက CJ Platform သို့ ပြောသည်။

 

ယခုစစ်ဆင်ရေးဆင်နွှဲခဲ့သည့် သာယာဝတီခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ခွဲ(၅)ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့တွင် လက်နက်ငယ်များရှိသော်လည်း မောင်းပြန်၊ (၇၉) မမနှင့် ကချင်ထုတ်(၄၀)မမများ ဝယ်ယူနိုင်ရန် ရန်ပုံငွေလိုအပ်နေသကဲ့သို့ ဆေးဝါးများလည်း လိုအပ်နေကြောင်း ထိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Related News

Depend on news