ကျိုက်မရောအကျဉ်းထောင်တွင် တောင်းဆိုချက် (၃)ရပ်အား ရရှိရန် အင်အားကုန်ခမ်း ချိနဲ့သည်အထိ နိုင်/ကျဉ်း ၂၀၀ ကျော် အစာငတ်ခံဆန္ဒပြနေ

Author လင်းနွေဦး
Categories
Published on Feb 09, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ၊ ကျိုက်မရောအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် မှ တောင်းဆိုချက် (၃)ရပ်အား ထောင်အာဏာပိုင်များသို့ တင်ပြထားပြီး တောင်းဆိုချက်များ မရရှိသ၍ အစာငတ်ခံ ဆန္ဒပြမှုများ ပြုလုပ်သွားမည်ဟု သိရှိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM)၏  တာဝန်ရှိသူ ကိုသိုက်ထွန်းဦးမှ CJ Platform သို့ ပြောသည်။

 

မြန်မာနိုင်ငံတဝန်း စစ်ကောင်စီလက်အောက်ရှိ ထောင်တွင်းများအတွင်း အစာရေစာညံ့ဖျင်းမှု၊ သောက်သုံးရေးရှားပါးမှုကြောင့် အကျဉ်းသားများ ကျန်းမာရေးထိခိုက်ကာ အသက်ဆုံးရှုံးမှု ဖြစ်စဉ်များ ထောင်ပြင်ပသို့ ပြန့်နှံလာမှုသည် ထောင်းတွင်း အကျဉ်းသားများ၌ လက်ကိုင်ဖုန်းများဖြင့် ပြင်ပသို့ သတင်းများခိုးယူ ပေးပို့သည်ဟု စစ်ကောင်စီ မှ စွပ်စွဲရာမှ အစပြုခြင်းဖြစ်သည်ဟု ကိုသိုက်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီပေးနေသူ အသိုင်းအဝိုင်းထံမှ သိရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် အထက်ပါစွပ်စွဲချက်ဖြင့် ကျိုက်မရော အကျဉ်းထောင်တွင်းသို့ စစ်သားနှင့်ရဲများ ပူးပေါင်းကာ အတင်းအဓမ္မ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အပြင် လက်ကိုင်ဖုန်းနှစ်လုံး တွေ့ရှိသည်ဟုဆိုကာ အကျဉ်းသားများအား ထောင်ဖွင့်ချိန်ပြင်ပ၌ ခေါ်ယူစစ်ဆေးကာ နေထိုင်ရာ အကျဉ်းခန်းများသို့ ပြန်လည်ပို့ဆောင်မှု နောက်ကျခြင်း၊ ရိုက်နှက်ခြင်းတို့ကိုပါ ပြုလုပ်ခဲ့ကြောင်း ကိုသိုက်ထွန်းဦး မှဆိုသည်။

 

“ဖုန်းတွေ့လို့ ရှာဖွေ စစ်ဆေးတာတွေ ၊ ခေါ်ယူမေးမြန်းတယ်ဆိုတာ တကယ်တော့ ယုတ္တိမရှိတဲ့ အကြောင်းပြချက်တွေပါ။ ဒီလိုခေါ်ယူစစ်ဆေးခံနေရတဲ့ အကျဉ်းသားတွေရဲ့ ကျန်းမာရေးတွေကို ကျန်သူတွေအနေနဲ့ စိုးရိမ်နေရမှုတွေ ရှိတယ်။ သူတို့ကို ကောင်းမွန်စွာထားရေး၊ခေါ် ယူစစ်ဆေးပြီးရင် နေရာကို ပြန်ပို့ပေးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ ကျန်သူတွေကပါ ဝိုင်းတောင်းဆိုနေတာ ဖြစ်ပါတယ်”ဟု PPNM  မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက CJ Platform သို့ ပြောသည်။

 

နိုင်ငံရေးအကျဉ်းသား (၂)ဦးအား ဖေဖော်ဝါရီ ၄ ရက်နေ့ ည ၇ နာရီခွဲအချိန်၊ အကျဉ်းထောင်ပိတ်ချိန်တွင် အကျဉ်းထောင် တာဝန်ရှိသူများမှ စစ်ဆေးရန်ရှိသည်ဟုဆိုကာ ပြင်ပသို့ ခေါ်ဆောင်ရိုက်နှက်ပြီး သီးသန့်တိုက်ပိတ်မှုများ လုပ်ဆောင်ခဲ့သည်ကို ကန့်ကွက်သည့်အနေဖြင့် နိုင်ငံရေးအကျဉ်းသား (၄၇) ဦးမှ စတင်ကာ ဖေဖော်ဝါရီ ၆ ရက် မနက် ၁၀ နာရီ မှ စတင်၍ အစာငတ်ခံဆန္ဒပြရာမှ ကျန်ရှိသော နိုင်ငံရေးအကျဉ်းသား (၁၆၄)ဦးမှ ဝန်းရံပူးပေါင်းလာခဲ့ပြီး ထောင်တွင်းကျွေးမွေးသည့် အစားအသောက်အများကို စားသောက်ခြင်းမပြုဘဲ ဆန္ဒပြမှုတွင် ပူးပေါင်းပါဝင်နေကြောင်း ထောင်တွင်းအရင်းအမြစ်တစ်ခုမှ သိရသည်ဟု ကိုသိုက်ထွန်းဦးမှ ထပ်မံပြောကြားသည်။

 

လက်ရှိတွင် ကျိုက်မရော ထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ စုစုပေါင်းဦးရေ ၃၀၀ ကျော် ရှိသည့်အနက် ၂၁၁ ဦးမှ တိုက်ပိတ်ခံထားရကာ ခေါ်ယူ စစ်ဆေးခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၂ ဦးအတွက် ကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှု နေ့စဉ်ရရှိရေး ၊စစ်ဆေးမှု ပြီးဆုံးသည်နှင့် မူလနေထိုင်ရာအဆောင်သို့ ပြန်လည်ပို့ဆောင်ရေး၊ အကျဉ်းသားများအား ခေါ်ယူမေးမြန်းမှုကို ထောင်ဖွင့်ချိန်၌သာ ပြုလုပ်ပေးရေး စသည့် အချက် သုံးချက်အား တင်ပြတောင်းဆိုထားသည်။

 

အစာငတ်ခံဆန္ဒပြရက်သည်လည်း ရက်အနည်းငယ်ကြာမြင့်လာပြီ ဖြစ်သဖြင့် ဝန်းရံပါဝင်နေကြသည့် နိုင်ငံရေးအကျဉ်းသား တစ်ချို့၏ ကျန်းမာရေးမှာ စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိနေပြီး တစ်ချို့မှာ အားအင် ကုန်ခမ်း၍ ခြေလက်များ ချိနဲ့သည့် အနေအထားသို့ပင် ရောက်ရှိနေကြောင်း ကိုသိုက်ထွန်းဦးမှ CJ Platform သို့ ပြောသည်။