အချင်းချင်း သွေးထွက်သံယိုဖြစ်သည်အထိ ကွဲလွဲလာတဲ့ ချင်းညီနောင်တွေကို ဘယ်သူညှိနှိုင်းပေးမှာလဲ

Published on Feb 06, 2024

လွတ်မြောက်နယ်မြေတစ်ခုအဖြစ်သို့ အစပြိုးရောင်နီထွက်နေသည့် ချင်းပြည်နယ်တွင် ချင်းညီနောင်များအချင်ချင်း နယ်မြေခွဲဝေမှု အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုများတွင် သဘောထား အနည်းငယ်ကွဲလွဲမှုများမှ တဆင့် သွေးထွက်သံယိုတိုက်ပွဲများဖြစ်သည်အထိ စစ်ရေး တင်းမာလာခဲ့ကြသည်။

 

ဖေဖေါ်ဝါရီ ၁ရက်နေ့တွင် Maraland Defense Force (MDF) ၏ တပ်စခန်းတစ်ခုကို CDF Mara အပါအဝင် Chin National Army (CNA/CNF)  နှင့် ပူးပေါင်းတပ်ဖွဲ့အချို့မှ အင်အားအလုံးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒရုန်းကိုအသုံးပြုကာ ဒါဇင်နဲ့ချီသော ဗုံးသီးတွေကို ကြဲချခဲ့တယ်လို့ Maraland Defense Force (MDF) ကဆိုသည်။

 

” သူတို့က NUG က တပ်ဆင်ထားတဲ့ ဒရုန်း ၄ လုံးလောက်ပါပြီးမှ ကျွန်တော်တို့ စခန်းကို အကြိမ် ၆၀ကျော် လောက်ဗုံးကြဲတယ် အကြိမ် ၅၀ ကျော် လောက်ပေါက်ကွဲတယ် အဲ့ဒါက ကျွန်တော်တို့ စခန်းကို လာတိုက်တဲ့ ပထမဆုံး လက်နက်သုံးတဲ့ ဟာပဲဖြစ်ပါတယ် ” ဟု Maraland Defense Force (MDF)  ပြန်ကြားရေးတာဝန်ခံမှ CJ Platform သို့ပြောသည်။

 

တိုက်ခိုက်မှုအတွင်း ဗုံးခိုကျင်းများကြောင့် MDF ရဲဘော်များ ထိခိုက်မှု မရှိခဲ့ပေမဲ့ ကင်းထောက်ဒရုန်းနဲ့ ကနဦး လာရောက် တိုက်ခိုက်စဉ်မှာတော့ Chinland Defence Force Mara (CDF-Mara)  က တပ်ဖွဲ့ဝင် အချို့ ထိခိုက်မှုများ ရှိခဲ့သည်။

 

Chinland Defence Force Mara (CDF-Mara) ကတော့ အခုလို တိုက်ခိုက်တာဟာ နယ်မြေစိုးမိုးလိုတာကြောင့် တိုက်ခိုက်ခဲ့တာ မဟုတ်ဘဲ  Chinland Defence Force Mara (CDF-Mara) က ရဲဘော်တချို့ ဖမ်းဆီးသတ်ဖြတ်ခံရတာ ကင်းစခန်းတစ်ခုကို အလစ်ဝင်တိုက်ခံရတာကြောင့် စစ်ရေးအရ တုံ့ပြန်တာဖြစ်သည်ဟု ဆိုသည်။

 

” သူတို့က  ကျွန်တော်တို့ရဲ့ ရဲဘော် ခြောက်ဦးတိတိ စဖမ်းတယ်၊ သေနတ် တစ်လက်လည်း ပါသွားတယ်၊ ပြီးတော့ ကျွန်တော်တို့ ကင်းစခန်းငယ်တစ်ခုကို အလစ်ဝင်တိုက်တဲ့အတွက် CDF-Mara ရဲဘော် တစ်ယောက်ကျတယ်၊ တစ်ယောက်ဒဏ်ရာရတယ်၊ CNA ရဲဘော် တစ်ယောက်ကျပြီး၊ သူ့ရုပ်အလောင်းကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဖျက်ဆီးကြတယ်၊ သေချာအတည်ပြုနိုင်တာက ကျွန်တော်တို့ ခုတုန့်ပြန်နေတယ်ဆိုတာပါ ” ဟု Chinland Defence Force Mara (CDF-Mara) မှ CJ Platform သို့ ပြောသည်။

 

Chinland Defence Force Mara (CDF-Mara) သည် တွေ့ဆုံဆွေးနွေးကာ ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း တွေ့ဆုံဆွေးနွေးမှု မအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် စစ်ရေးအရ ဆောင်ရွက်ရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

 

ထိတ်တိုက်တွေ့ဆုံမှုများ မတိုင်မီမှာပင် Chinland Defence Force Mara (CDF-Mara) မှ စစ်ရေးအရ ကြိုတင်ပြင်ဆင်ထားမှုများလည်း ရှိနေခဲ့ပြီး ထိတွေ့တိုက်ပွဲအချို့လည်း ဖြစ်ပွားဖူးကြောင်း  Maraland Defense Force (MDF) က ဆိုထားသည်။

 

” အရင်ကတည်းက သူတို့က ကျွန်တော်တို့ကို ရန်စနေတာရှိပါတယ်၊ ကျွန်တော်တို့ မဖမ်းခင်ကတည်းက စစ်ရေးအရ ပြင်ဆင်ထားတာလည်း ရှိတာပေါ့နော်၊ ကျွန်တော်တို့ ဖမ်းလိုက်တော့ သူ့တို့အတွက် ကွက်တိကျသွားတာပေါ့” ဟု Maraland Defense Force (MDF)  ပြန်ကြားရေးတာဝန်ခံမှ CJ Platform ကို ပြောသည်။

 

မရာဒေသရှိ တော်လှန်ရေးအဖွဲ့အချင်းချင်း စတင်သဘောထားကွဲလွဲချိန်မှ စတင်ပြီး နိုင်ငံရေးပါတီများ၊ မရာလူကြီးများ မရာလူငယ်များအသင်းချုပ် စသည့် ဒေသတွင်း အဖွဲ့အစည်းများမှ တွေ့ဆုံညှိနှိုင်းရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့သော်လည်း ညှိနှိုင်းနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ မရာလူငယ်များအသင်းချုပ်၏ တာဝန်ရှိသူတစ်ဦးကို တွေ့ဆုံရန် ပြောဆိုမှုများ ရှိခဲ့သော်လည်း  Maraland Defense Force (MDF) အပေါ် ကိုယ်စားပြုမှု မရှိခဲ့ခြင်းကြောင့် တွေ့ဆုံခဲ့ခြင်း မရှိကြောင်း တွေ့ဆုံမှုနှင့် ပတ်သက်၍ မရာလူငယ်အသင်း တာဝန်ရှိသူတစ်ဦးအား ဖိအားပေးစာထုတ်ခိုင်းသည့်အတွက် နောက်နောင် ယခုကဲ့သို့ မလုပ်ဆောင်ရန် တောင်းဆိုမှု လုပ်ဆောင်ခဲ့ကြောင်း၊ ၂ နှစ်တာ ကာလအတွင်း တွေ့ဆုံညှိနှိုင်းရေးအတွက် Maraland Defense Force (MDF)  ဘက်မှသာ ကြိုးစားခဲ့ပြီး Chinland Defence Force Mara (CDF-Mara) မှ လက်ခံခြင်း မရှိခဲ့သည်ဟု  Maraland Defense Force (MDF) က ဆိုသည်။

 

” တွေ့ဆုံညှိနှိုင်းတယ်ဆိုပြီး စာထုတ်ခိုင်းတာရှိတဲ့ အခါကျတော့၊ အသေးစိတ် သေချာလေ့လာကြည့်တော့ တစ်ဦးတစ်ယောက်ကိုသာ ပြောထားတာရှိတဲ့ အတွက် ကျွန်တော်တို့ကို ကိုယ်စားပြုဖိတ်ခေါ်ပါ သူတို့ကိုလည်း ကိုယ်စားပြုဖိတ်ခေါ်ပါ နောက်ပြီးတော့မှ စာထုတ်ဖို့ တောင်းဆိုထားခဲ့ပါတယ်၊ အဖွဲ့အစည်းကိုယ်စားပြု တရားဝင်လုံးဝမရှိပါဘူး၊ သူတို့ဘက် ရှိတာမရှိတာတော့ မသိပါဘူး၊ ကျွန်တော်တို့ဘက် လုံးဝမရှိဘူး ” ဟု ယင်းတာဝန်ခံမှ CJ Platform ကို ပြောသည်။

 

ချင်း‌တော်လှန်ရေး အဖွဲ့များအချင်းချင်း မရာဒေသတွင် ပွတ်တိုက်မှုများနှင့် ပတ်သက်၍ ငြိမ်းချမ်းသောနည်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ကြရန် ချင်းညီနောင်အဖွဲ့မှလည်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ထားသည်။

 

ယင်းကြေညာချက်နှင့် ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် Chinland Defence Force Mindat မှ ဆလိုင်းယောမာန်အား ချင်းညီ‌နောင်အဖွဲ့၏ သဘောထားမှတ်ချက်ကို သိရှိလိုကြောင်း CJ Platform မှ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေဆိုထားခြင်း မရှိသေးပေ။

 

ချင်းညီနောင်အဖွဲ့အဖြစ် ပူးပေါင်းပါဝင်နေသည့် Maraland Defense Force (MDF) ဘက်ကမူ ချင်းညီနောင်အဖွဲ့၏ ကြေညာချက်မှာ ငြိမ်းချမ်းသောနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးရန် Open Letter (အိပ်ဖွင့်ပေးစာ) ထုတ်ပြန်ထားခဲ့ခြင်းဖြစ်ပြီး လက်ခံခြင်း မခံခြင်းဆိုသည်မှာ Chinland Defence Force Mara (CDF-Mara) ၏ သဘောထားသာဖြစ်ပြီး အမြဲတမ်းလမ်းဖွင့်ထားသော်လည်း စစ်ရေးအရ ဆက်လက်လုပ်ဆောင်လာပါက ပိုမိုတင်းမာသည့် အခြေအနေတစ်ခုကို ရောက်ရှိသွားမည်ဟု ဆိုသည်။

 

Chinland Defence Force Mara (CDF-Mara) ကမူ Maraland Defense Force (MDF) ၏ လုပ်ရပ်သည် ရုပ်ဆိုးလွန်းသည့်အတွက် ယခုကဲ့သို့ ထိတ်တိုက်အခြေအနေတစ်ခုသို့ ရောက်ရှိလာသည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးနည်းဖြင့် ဖြေရှင်းမည်ဆိုပါက နှစ်ဖက်တာဝန်ရှိသူများ ယုံကြည်မှုကို အရင်တည်ဆောက်ပြီးမှသာ ဆက်လက် လုပ်ဆောင်နိုင်မည်ဟုလည်း ဆိုသည်။

 

ချင်းပြည်နယ်အတွင်း ယခုကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာလာမှုအပေါ်  ICNCC နှင့်ချိတ်ဆက်ဆောင်ရွက်နေပြီး Chinland Council ကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် CNF/CNA နှင့် ဘုံသဘောတူညီချက် ထုတ်ပြန်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံ NUG MOD မှတစ်ဆင့်လည်းကောင်း ဦးနေဘုန်းလတ်မှတစ်ဆင့်လည်းကောင်း CJ Platform မှ ကြားဝင်စေ့စပ်ပေးရန် ရှိမရှိ မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။