စစ်ရှောင်ပြည်သူများ၏ နေအိမ်များအား ဖျက်ဆီးရောင်းချနေသူဆိုသော ပျူတစ်ဦး ဓားဖြင့်ခုတ်ခံရ

Published on Feb 06, 2024

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပက်တန်းအုပ်စု၊ မုက္ခာကျေးရွာတွင် စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးကာ သစ်များရောင်းချနေသူဆိုသော ပျူ(ပြည်သူ့စစ်)တစ်ဦးဖြစ်သူ ကိုရှိုင်းလင်းအောင်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) မှ ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

ဖေဖေါ်ဝါရီ ၅ ရက်နေ့ မနက် ၁၁နာရီခွဲခန့်တွင် ရိုးမတောတွင်း သစ်ခိုးထုတ်ရန် သွားရောက်ပြီးနောက် ဆိုင်ကယ်ဖြင့် ပြန်လာသော ကိုရှိုင်းလင်းအောင်ကို စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်အနီး၌ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅ )မှ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

 

“ သူကတော်တော်ပါးတယ် သူ့ကိုချောင်းနေတာကြာပြီ ဘယ်သွားသွား စခ တွေနဲ့ အမြဲသွားတာ သေနတ်နဲ့ ရှင်းခဲ့တာ မဟုတ်ဖူး ဓားနဲ့ ဘာလို့လဲဆိုတော့ အဲ့နားမှာ စခ ဂိတ်ရှိတယ်” ဟု တပ်ရင်း ၃၈၀၂  တပ်ခွဲ ၅ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရိုးမမြေ က CJ Platform သို့ ပြောသည်။

 

ကိုရှိုင်းလင်းအောင်သည် ၎င်းပိုင် ကားနှစ်စီးဖြင့် စစ်ကောင်စီတပ်သားများအား ရိုးမတောအတွင်းသို့ အကြိုအပို့ လုပ်ဆောင်ပေးနေပြီး တောတွင်းမှ တရားမဝင် သစ်များကို သယ်ယူကာ သစ်မှောင်ခို လုပ်ဆောင်နေသူဖြစ်ကြောင်း၊ စစ်ဘေးရှောင် ပြည်သူများ စိုက်ပျိုးထားသည့် သီးနှံများကိုလည်း မတရားရယူခြင်း၊ နေအိမ်များကို ဖျက်ဆီးကာ သစ်များကို ရောင်းစားခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဓာတ်ပုံ – ရဲဘော်ရိုးမြေ