နဂါးတွင်းရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေးဦး သေဆုံးပြီး ဗိုလ်အဆင့်အပါအဝင် ခုနစ်ဦး ဒဏ်ရာရ

Author မင်းထက်
Categories
Published on Feb 06, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းရွာမှ နေအိမ်များကို  မီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူပေါင်းအဖွဲ့များကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ ဗိုလ်အဆင့် အပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း (၄) မှ ယမန်နေ့ ဖေဖေါ်ဝါရီလ ၅ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၃ ရက် မနက် ၈ နာရီခန့်က  ဘုဘရွာမှ အင်အား ၁၀၀ ခန့်နှင့် ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီ စစ်ကြောင်းသည် နဂါးတွင်းရွာအနီး၌ မနက် ၉နာရီခန့်မှ စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

“မုံရွာမြို့ထဲကနေ မအူစစ်ဆေးရေးဂိတ်ကို ကားငါးစီးနဲ့ စခတွေလာချတယ်။မအူဂိတ်ကနေ ခြေလျင် တောပုပျူရွာဘက်ကိုလာတယ်။ တောပုပျူရွာကနေ လယ်တော်ရွာနဲ့ ဘုဘရွာကို ဆင်းတယ်ဗျ။ ဘုဘကျေးရွာမှာ တစ်ညအိပ်ပြီး နောက်ရက် နဂါးတွင်းရွာဘက်ကို စစ်ကြောင်းထွက်တယ်။ နဂါးတွင်းနဲ့ လယ်တော်ကြားမှာ PDFတွေနဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်” ဟု မုံရွာ- အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သုံးပွင့်အဆင့် ဗိုလ်တစ်ဦးအပါအဝင် ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်သားနှင့် ပျူ(ပြည်သူ့စစ်) လေးဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ Monywa The Boy မှရဲဘော် တစ်ဦး ၊ မုံရွာခရိုင်တပ်ရင်း-၄ တပ်ခွဲ-၂ မှ ရဲဘော်တစ်ဦး ၊မဟာမိတ်တပ်ရင်းတပ်ဖွဲ့များမှ ရဲဘော်လေးဦး စုစုပေါင်း ရဲဘော် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

 

“အပြန်ကို ထမ်းစင်တွေနဲ့ ပြန်သွားကြရတာ နားနားပြန်ကြတာ ။ ခြေလျင်ပဲ ကားနဲ့တောင် လာမခေါ်ရဲဘူး။ မုံရွာနဲ့တောပုဆို မဝေးဘူး လမ်းမိုင်းဆွဲခံရမှာ ကြောက်လို့ထင်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

 

တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်ကောင်စီတပ်သည် နဂါးတွင်းကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ရကာ လေဖြတ်နေသည့် အဖွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့ရသည်။

 

ယင်းထိတွေ့မှု တိုက်ပွဲတွင် မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force PDF  ၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) တပ်ခွဲ (၃) Monywa Nightking PDF နှင့် ဒေသခံတပ်ရင်းတပ်ဖွဲ့များ ပူပေါင်းပြီး  တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ – မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး