မောင်တောရှိ တောင်ပြို(လက်ယာ) စခန်းကို AA က တစ်နေ့အတွင်း အပြီးသတ်သိမ်းပိုက် စစ်ကောင်စီတပ်သားများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေး

Author အဂ္ဂ
Categories
Published on Feb 05, 2024

ရက္ခိုင့်တပ်တော် (AA) သည် ရက္ခိုင်ပြည်၊ မောင်တောမြို့ရှိ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားစောင့် တပ်စခန်းဖြစ်သည့် တောင်ပြို (လက်ဝဲ၊ လက်ယာ) စခန်းကို ယမန်နေ့ (ဖော်ဖော်ဝါရီ ၄ ရက်)နေ့တွင် စတင် ထိုးစစ်တင်တိုက်ခိုက်ခဲ့ရာ ညနေ (၆) နာရီခန့်တွင် တောင်ပြို (လက်ယာ) စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

 

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်း အမြောက်အမြားသိမ်းဆည်းရမိပြီး ရက္ခိုင့်တပ်တော်ဘက်တွင်လည်း ထိခိုက်ကျဆုံးမှုများရှိခဲ့သည်ဟု သိရသည်။

 

ထို့ပြင် ထိုစခန်းတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် နယ်ခြားစောင့်ရဲ စုစုပေါင်းအင်အား (၆၀) နီးပါးသည် လက်နက်များနှင့်တကွ ဘင်္ဂလားဒေ့ရှ်န်ုငံဘက်သို့ ထွက်ပြေးသွားကြသည်ဟုလည်း ဆိုထားသည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်ရဲများ လက်နက်နှင့်တကွ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဝင်ရောက်လာကြောင်းကိုလည်း ဘင်္ဂ‌လားဒေ့ရှ်ပြည်တွင်း မီဒီယာဖြစ်သည့် Dhaka Tribune တွင်လည်း ဖော်ပြအတည်ပြုထားသည်။

 

“လက်နက်တွေနဲ့အတူ ရောက်လာတဲ့ မြန်မာစစ်သား (၅၈) ယောက် ကျွန်တော်တို့ကျောင်းထဲမှာ ခိုလှုံနေပါတယ်၊ အဲ့ဒီထဲက နယ်ခြားစောင့်ရဲ ငါးယောက်ကတော့ သေနတ်ဒဏ်ရာတွေနဲ့အတူ ပါလာတာပါ၊ သူတို့ကိုတော့ ဒေသတွင်းက ဆေးရုံကိုခေါ်သွားခဲ့ပါပြီ” ဟု Tombru အစိုးရမူလတန်းကျောင်းက ဆရာလက်ထောက်ဆရာတစ်ဦးဖြစ်သူ Hamidul Haque က Dhaka Tribune သို့ ပြောကြားကြောင်း ဖော်ပြထားသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal ကလည်း “ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှစိုးရိမ်စရာမရှိပါဘူး၊ သူတို့တွေဟာ ကျွန်တော်တို့နိုင်ငံထဲကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ရောက်လာကြတာပါ၊ သူတို့တွေ ပြန်ကို ပြန်ရပါမယ်၊ ကျွန်တော်တို့ သူတို့ကို ထိန်းသိမ်းထားပါတယ်၊ မကြာခင်မှာပဲ မြန်မာနိုင်ငံကို ပြန်ပြီးပို့ဆောင်သွားမှာပါ” ဟု မြန်မာနယ်ခြားစောင့်ရဲ (၁၄) ဦးကို မြန်မာနိုင်ငံဘက်ပြန်ပို့မည့်ကိစ္စနှင့် ပတ်သက်၍  သတင်းထောက်များကို ပြောကြားခဲ့ကြောင်းသိရသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်ထဲရေးဝန်ကြီး၏ ပြောကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ထွက်ပြေးသူ (၆၀) ခန့်တွင် မြန်မာနယ်ခြားစောင့်ရဲ (၁၄) ဦးပါဝင်ပြီး ကျန်သူများမှာ စစ်ကောင်စီ စစ်တပ်၏ တပ်ဖွဲ့ဝင်များ ဖြစ်နိုင်သည်။

 

ကျန်ရှိနေသည့် တောင်ပြို (လက်ဝဲ) စခန်းကိုလည်း ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ရန် ကြိုးစားနေပြီး စခန်းတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာ ရမည်ဖြစ်ကြောင်းကိုလည်း ညီနောင်သုံးဖွဲ့က အသိပေးထားသည်။

 

ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးရန် ရာနှုန်းပြည့်သေချာနေသော စခန်းအချို့အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟုလည်း သိရသည်။

 

ထို့အပြင် “စစ်ကောင်စီအား မြန်မာနိုင်ငံအနှံ့ရှိ တော်လှန်ရေးအဖွဲ့များမှ ရရာလက်နက်ဖြင့် ရရာနည်းလမ်းနှင့် ရသည့်ပုံစံမှ တော်လှန်နေကြသောကြောင့်  ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်ဒေသမှလွဲ၍ ကျန်သည့်နေရာများ၌ တစ်ဖွဲ့ချင်း စစ်ဆင်ရေး၊ ပူးတွဲစစ်ဆင်ရေးနှင့် ဟန်ချက်ညီ စစ်ဆင်ရေးမျိုးတို့ဖြင့် အာဏာရှင်စနစ် တိုက်ဖျက်ရေး တိုက်ပွဲများမှာ ၂၀၂၄ တစ်နှစ်ပတ်လုံးတွင် မြန်မာနိုင်ငံ၏ နေရာအသီးသီး၌ နေ့တိုင်းရှိနေမည့်ပုံပေါက်နေသည်” ဟုလည်း ညီနောင်သုံးဖွဲ့က ဆိုထားသည်။

 

စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်နှင့် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း များစွာ အထိနာလျက်ရှိပြီး ချင်းပြည်ရှိ၊ ပလက်ဝဒေသတစ်ခုလုံး၊ ရက္ခိုင်ပြည်ရှိ ပေါက်တောမြို့နှင့် စစ်ရေးအရ အရေးကြီးသည့် ဗျူဟာကုန်းများ  အပါအဝင် အခြေစိုက်စခန်းပေါင်း (၁၇၀) ကျော်ကိုလည်း ရက္ခိုင့်တပ်တော်ထံ လက်လွှတ်ထားရပြီးဖြစ်သည်။

 

ဓာတ်ပုံ – Dhaka Tribune

 

ပုံစာညွှန်း – ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့သည့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲများနှင့်အတူ တွေ့ရစဉ်