ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်

Author မင်းထက်
Categories
Published on Feb 01, 2024

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းပစ်ခတ်မှု ငါးကြိမ်ထိ လုပ်ဆောင်ခဲ့မှုကြောင့် ရဟန်းတစ်ပါးအပါအ၀င် ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း  သိရသည်။

 

ဖေဖော်ဝါရီလ ၂ ရက်နေ့ ၊ နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်ကစ၍  စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကန့်ဘလူမြို့နယ် မြောက်ခြမ်းအား  အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း ၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင် ကျေးရွာများနှင့် ဗုဒ္ဓဘာသာတို့ အထွဋ်အမြတ်ထားရာ ဘုန်းကြီးကျောင်းများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

“စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူပိုင်နေအိမ်တွေ၊ ဘာသာရေး အဆောက်အအုံတွေကို အကြမ်းဖက်ပစ်ခတ်တာတွေတော့ ကျွန်တော်တို့က ကန့်ကွက်ပါတယ်ဗျ” ဟု ၄င်းတာ၀န်ရှိသူက ပြောသည်။

 

စစ်ကောင်စီတပ်က ယမန်နေ့ နံနက် ၁၁ နာရီ ၁၀မိနစ်တွင် ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှုအဖြစ် သင်တောရွာ ဘုန်းကြီးကျောင်းအား ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံး ၊ ဇော်ချောင်းရွာ ဘုန်းကြီးကျောင်းအား ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၊ သင်တောရွာမှ အပြစ်မဲ့ပြည်သူ ရှစ် ဦး အရေးပေါ်ကုသနေရကာ ဘုန်းကြီးကျောင်း ပျက်ဆီးသွားကြောင်း သိရသည်။ ထို့အတူ ဇော်ချောင်းကျေးရွာမှ ရဟန်းတစ်ပါးနှင့် အပြစ်မဲ့ပြည်သူတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။

 

ထို့အပြင် အဆိုပါနေ့ နံနက် ၁၁နာရီ ၂၅ မိနစ်ခန့်က ကန့်ဘလူမြို့နယ် မြောက်ခြမ်း ပင့်သာ(တည်ပင်)ရွာနှင့် မကျီးကုန်းရွာ တို့အား ဒုတိယအကြိမ် ဗုံးလေးလုံးကြဲချရာ နှစ်လုံးသာကွဲပြီး မကျီးကုန်းရွာတွင် လူအထိအခိုက်မရှိခဲ့သော်လည်း ပင့်သာရွာမှ ထိခိုက်မှု ရှိမရှိ အခြေနေအား စုံစမ်းဆဲဖြစ်ကြောင်း၊ ယင်းနောက် နေ့လယ် ၁ နာရီ ၅၀ မိနစ်ခန့်တွင် မကျီးကုန်းရွာ၊ ချောင်းကြားရွာနှင့် အင်းမရွာတို့ကြား တတိယအကြိမ် ‌လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြည်သူများ ကြိုတင်စစ်ဘေးရှောင်နေခြင်းကြောင့် အထိအခိုက်မရှိခဲ့သော်လည်း  မကျီးကုန်းရွာတောင်ပိုင်းမှ နေအိမ် ငါးလုံး မီးလောင်ပျက်ဆီးခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

 

ထို့အပြင် ညနေ ၃ နာရီ ၅၀ မိနစ်တွင် ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ဇီးကုန်းရွာဘုန်းကြီးကျောင်းအား  ဂျက်ဖိုက်တာတစ်စင်းဖြင့် စတုတ္ထအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကျေးရွာဘုန်းကြီးကျောင်း အနီးတွင် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ‌ခဲ့ကြောင်း ၊ ပဉ္စမအကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှု အဖြစ် ညနေ ၄ နာရီ ၃၅ မိနစ်ခန့်က ကန့်ဘလူမြို့နယ် ၊ညောင်ကုန်းရွာ စာသင်ကျောင်းအား ဂျက်ဖိုက်တာတစ်စင်းဖြင့် ထပ်မံပြုလုပ်ခဲ့ရာ အပြစ်မဲ့ပြည်သူများ ထိခိုက်မှုရှိမရှိ  ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ယမန်​နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကန့်ဘလူနယ် မှ စစ်​​ကောင်စီတပ်သားများအား Mi 17 သယ်ယူပို့​ဆောင်​ရေးရဟတ်ယာဥ်များဖြင့် ဝန်းသိုနှင့်ကိုး​တောင်ဘို့သို့ ​ခေါက်တုန့်​ခေါက်ပြန်သယ်ယူ​ပြီးနောက် ကန့်ဘလူမြို့နယ်​မြောက်ခြမ်းရှိ စစ်​ရေးပစ်မှတ်မဟုတ်​သော ​​​နေရာ သုံး​​နေရာထက်မနည်း စစ်​ကောင်စီမှ ဂျက်တိုက်​လေယာဥ်များအသုံးပြုကာ တရစပ်ပစ်ခတ်​ခဲ့ကြောင်း၊ ကန့်ဘလူ​မြောက်ခြမ်းအား ဖုန်းဆက်သွယ်​ရေးလိုင်း ဖြတ်​တောက်ထားခြင်းများကို စစ်​ကောင်စီမှ ပြုလုပ်ထားကြောင်း ဒေသတွင်း သတင်းအချက်လက်များ မျှဝေနေသော Infinity Group က ပြောဆိုထားသည်။

 

” လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ပြီး ၃ နာရီ ၅၀လောက်ကလည်း ကျွန်းလှမြို့နယ် မြို့နယ်ခန်းမ၊ ဘောလုံကွင်းဘက်ကနေ ရဟတ်ယာဥ်နဲ့ ၀န်းသိုတပ်နဲ့ ကိုးတောင်ဘို့ အထိုင်စခန်းတွေကို သယ်ပို့ နေပါတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

 

စစ်ကောင်စီတပ်သည် တပ်သားများကို ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နမခမှ တက်လာသော Mi 17နှစ်စင်းဖြင့်  ကျွန်းလှမြို့ဘောလုံးကွင်းမှ တဆင့် ကိုးတောင်ဘို့ အထိုင်စခန်းသို့ ၇ ခေါက် ၊  ဝန်းသိုတပ်ရင်းသို့  ၅ ခေါက် စုစုပေါင်း၁၂ ကြိမ်ထက်မနည်း ပို့ဆောင်ခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှသိရသည်။

 

ကန့်ဘလူနယ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနေအိမ်များ ပျက်စီးဆုံးရှုံးမှု နှင့် ထိခိုက်သေဆုံးမှု အခြေနေများအား CJ Platform မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

 

စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ်တွင်း လေကြောင်းတိုက်ခိုက်မှုများအဖြစ် စစ်ရေးပစ်မှတ်မဟုတ်သည့်‌ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများ ၊ ဘာသာရေးအဆောက်အဦများကို အဓိကပစ်မှတ်ထားကာ လေကြောင်းပစ်ခတ်မှုကြောင့် ကန့်ဘလူခရိုင်အတွင်းရှိ ပင့်သာတိုက်နယ် ၊ ချပ်သင်းတိုက်နယ် နှင့် ကိုးထောင်ဘို့တိုက်နယ်အတွင်းမှ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်