စစ်ကောင်စီလက်အောက်တွင် ကျင်းပမည့် အကယ်ဒမီဆုပေးပွဲတွင် မီးမပြတ်စေရေး ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် မီးစက်များ လိုက်စစ်နေရ

Author လင်းနွေဦး
Categories
Published on Feb 01, 2024

စစ်ကောင်စီ လက်အောက်တွင် ဒုတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲအခမ်းအနားတွင် မီးမပြတ်စေရေး နေပြည်တော်ရှိ လျှပ်စစ်ဓာတ်အားပေးရုံများတွင် မီးစက်များကို စစ်ကောင်စီခန့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက လိုက်လံစစ်ဆေးခဲ့ရသည်ဟု စစ်ကောင်စီလက်အောက်ရှိ ကြေးမုံသတင်းစာတွင် ဖော်ပြသည်။

 

ပြည်ထောင်စု ဝန်ကြီးဆိုသူသည် ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-1)တွင် လာမည့် ဖေဖော်ဝါရီ ၃ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲတွင် မီးမပြတ်စေရေး မီးစက်များအား ကိုယ်တိုင်ကြည့်ရှုစစ်ဆေးခြင်းအပြင် အရန်မီးစက်များနေရာချထားရေးကိုပါ စီမံနေရာချထားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီသည် ၎င်းတို့လက်ထက်တွင် ဒုတိယကြိမ်မြောက်ကျင်းပမည့် အကယ်ဒမီဆုပေးပွဲအတွက် ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့၌ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီကို ဖွဲ့စည်းပြီးနောက် ယခုကဲ့သို့ ဆုပေးပွဲကျင်းပချိန်အတွင်း မီးမပြတ်စေရန် အတွက် ပြည်ထောင်စုဝန်ကြီးဆိုသူကိုယ်တိုင် လိုက်လံစစ်ဆေးနေခြင်းလည်းဖြစ်သည်။

 

စစ်ကောင်စီလက်ထက် ကျင်းပသည့် အကယ်ဒမီ ဆုပေးပွဲနှင့် ပတ်သက်၍ “အနုပညာရှင်ဆိုတာ ပြည်သူကိုမျက်နှာမူရပါတယ်။ ပြည်သူအားပေးမှုမရှိရင်အနုပညာရှင်ဆိုတာ ရပ်တည်လို့မရနိုင်ပါဘူး။ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ အကယ်ဒမီဆုကြီးကို ရယူဖို့ထိုက်တန်နေပြီလား။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စေချင်တယ်။ စစ်တပ်အတွက် လော်ဘီဇာတ်လမ်းတွေ ရိုက်ပေးနေရတာ၊ လွတ်လပ်စွာ ဖန်တီးခွင့်ဆုံးရှုံးနေတဲ့ အနုပညာရပ်ဝန်းတစ်ခုမှာ စစ်ကောင်စီက သွေးစွန်းသောလက်နဲ့ပေးတဲ့ အကယ်ဒမီဆိုတာကြီးက တကယ်တော့ ဘာတန်ဖိုးမှမရှိပါဘူး” ဟု ပဒေသာချန်နယ်မှ ဒါရိုက်တာ ခွန်စိုင်းက CJ Platform သို့ ပြောသည်။

 

ပြည်သူများအနေဖြင့် ပြည်သူ့ဘက်မရပ်တည်သည့် အနုပညာရှင်များကို အားမပေးသင့်ဘဲ Boycott လုပ်ရမည်ဖြစ်ကြောင်း၊ တော်လှန်ရေးအသိုင်းအဝိုင်းဘက်မှ စစ်ကောင်စီ ပေးအပ်သော အကယ်ဒမီဆုများကို အသိအမှတ်မပြုကြောင်းနှင့် ပြည်သူများနှင့်အတူ ရပ်တည်ပေးနေသည့် အနုပညာရှင်များအား အသိအမှတ်ပြုကာ ပိုမိုပံ့ပိုးမှုများ လုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း ၎င်းက တိုက်တွန်းပြောကြားသည်။

 

စစ်ကောင်စီသည် အာဏာသိမ်း သုံးနှစ်တာကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းသယောင် နိုင်ငံတကာသို့ ဖန်တီးပြသနိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့၌  ပထမဆုံးအကြိမ် ၎င်းတို့လက်ထက် ပြန်လည်ကျင်းပသည့် အကယ်ဒမီပေးပွဲအား နေပြည်တော်မြို့တော်ခန်းမအနီး လဟာပြင်ကဇာတ်ရုံတွင် ကျင်းပခဲ့ကာ ယခု ဒုတိယအကြိမ်မြောက်အဖြစ် နေပြည်တော်တွင်ပင် ထပ်မံကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။