အာဏာသိမ်းပြီးချိန်မှစ၍ မီတာမဆောင်သည့် နေအိမ်များကို မီးလိုက်ဖြတ်

Author မိုးသွေးညို
Categories
Published on Feb 01, 2024

အာဏာသိမ်းပြီးချိန်မှစတင်၍ ယခုအထိ မီတာမပေးဆောင်သည့် ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သက္ကလမြို့ ကန်တော်မင်္ဂလာရပ်ကွက်ရှိ နေအိမ်များမှမီတာပုံးများလာရောက်သိမ်းယူသွားကြောင်း ဒေသခံများထံမှ သိရသည်။

 

ကဝမြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်း(၃)ဦးက ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် မီးတာပုံးများ လာရောက်ယူသွားကြခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

 

” ကဝ EPC က ဝန်ထမ်း သုံးယောက် ဆိုင်ကယ်တစ်စီးထဲ စီးလာတာ။ ယူနီဖောင်းမဝတ်ဘူး။ အရပ်ဝတ်နဲ့ပဲ။ အဲဒီရပ်ကွက်ဘက်က မီတာမဆောင်တဲ့ အိမ်ငါးလုံးလောက်ကို မီးလိုက်ဖြတ်နေတာ တွေ့လိုက်တယ်။ ကျွန်တော်တို့ဘက်တော့ မလာသေးဘူး ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သက္ကလဒေသခံတစ်ဦးက ပြောသည်။

 

သက္ကလမြို့တွင် မီတာမဆောင်သော နေအိမ်များကို စစ်ကောင်စီလက်‌‌အောက်ခံ ဝန်ထမ်းများက ယခင်ကပင် မီးဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကဝသတင်းများဖော်ပြနေသော လူမှုကွန်ရက်စာမျက်နှာ Kawa Information မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပြီး မီးဖြတ်ခံရသည့် အိမ်အရေအတွက်ကိုမူ တိတိကျကျ အတည်ပြုနိုင်ခြင်း မရှိပေ။

 

” သူတို့ လုပ်နေတာ ကြာပြီ။ တစ်ခါတလေကျရင် ရဲနဲ့ စစ်သားတွေပါ ခေါ်‌လာတယ်။ မီတာမဆောင်ရင် မီးကြိုးတွေကိုပါ လိုက်ဖြတ်တာ။ တချို့ဆို မီတာပုံးတွေ သိမ်းခံရတယ် ” ဟု ‌ထိုသို့ကြုံတွေ့ဖူးသည့် ကဝမြို့ခံတစ်ဦးက ပြောသည်။

 

ပြည်သူများက စစ်အာဏာသိမ်းပြီးနောက် စစ်တပ်အား အခွန်မဆောင်ရန် ‘ဘူး’သပိတ်များ ဆင်နွှဲရာတွင် မီတာခမဆောင်သော လှုပ်ရှားမှုကို ပြည်သူများက ပါဝင်ဆင်နွှဲခဲ့ကြသည့်အတွက် စစ်ကောင်စီဘက်က မီတာမဆောင်သော နေအိမ်များကို မီတာပုံးသိမ်းခြင်း၊ မီးကြိုးများ ဖြတ်တောက်ခြင်း၊ မီးဖြတ်ခြင်းများအပြင် ခြိမ်း ခြောက်ဖမ်းဆီးခြင်းများလည်း ပြုလုပ်လျက်ရှိသည်။