မလယ်ရွာစခန်းသိမ်းခံရပြီး လေကြောင်းကနေပစ်လို့ ပြည်သူနှစ်သောင်းကျော် ထွက်ပြေးနေရ

Author မင်းထက်
Categories
Published on May 08, 2024

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် မလယ်ရွာစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာလို့ လေကြောင်းပစ်ခတ်မှုတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ လုပ်လာတဲ့အတွက် မလယ်တိုက်နယ်က  ပြည်သူ နှစ်သောင်းကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။

 

မေလ ၇ရက်နေ့မှာ မလယ်ရွာက  စစ်ကောင်စီအထိုင်စခန်းကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးများတဲ့အပြင် စခန်းစွန့်ခွာထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက တိုက်ပွဲအတွင်း လေကြောင်းကနေ ​၃ နာရီနီးပါး အဆက်မပြတ် ဗုံးချတိုက်ခိုက်သလို လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၅၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

 

“ပြည်သူတွေ ရှောင်နေရဆဲပါဗျ ၊ မလယ်တိုက်နယ် တစ်ခုလုံးနီးပါးပဲ။ ပြည်သူ နှစ်သောင်းကျော် ရှောင်နေရပါတယ်။  ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတော့ အခုထိတော့ မကြားမိဘူးဗျ”လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လတ်တလောမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားတာ မရှိပေမယ့် စစ်ကောင်စီတပ်က စစ်ကူတွေလာနေတာ၊  နှစ်ဖက်စစ်ရေးအခြေအနေတွေ တင်းမာနေတုန်းဖြစ်တယ်လို့ သိရပါတယ်။

 

အရင်နှစ် ၂၀၂၃ခုနှစ် ဧပြီလ ၁၁ရက်က ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်အတွင်း ပထမဆုံးလေကြောင်း တိုက်ခိုက်ခံရတဲ့ ပဇီကြီးကျေးရွာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ စုစုပေါင်း တစ်ရာ ကျော်ထက်မနည်း သေဆုံးခဲ့ရပါတယ်။