ရွေးကောက်ပွဲကော်မရှင် ဒုဥက္ကဌအသစ်ကို စစ်ကောင်စီခန့်အပ်


စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဒုတိယဥက္ကဌအဖြစ် ကော်မရှင် အဖွဲ့ဝင် ဦးသန်းစိုးကို ခန့်အပ်ခဲ့တယ်လို့ ဒီကနေ့ ဧပြီ ၉ရက်နေ့ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

 

မြို့ကြီး ၁၀မြို့ထက်မနည်း စစ်ကိုင်းငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု များနေချိန်တွင် စစ်ကောင်စီက ရွေးကောက်ပွဲ ဆက်လက်လုပ်ဆောင်ဖို့အတွက် ပြင်ဆင်နေတာပဲဖြစ်ပါတယ်။

 

စစ်ကောင်စီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၈/၂၀၂၅ နဲ့ ဦးသန်းစိုးကို ရွေးကောက်ပွဲကော်မရှင် ဒုဥက္ကဌအဖြစ် ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။

 

ဒါ့အပြင် နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို မေလ(၉)ရက်နေ့ နောက်ဆုံးထားကာ လျှောက်ထားရမယ်လို့လည်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

 

စစ်ကောင်စီလက်အောက်မှာ မှတ်ပုံတင်လာရောက် လျှောက်ထားခဲ့တဲ့ နိုင်ငံရေးပါတီ ၅၆ပါတီရှိပြီး တည်ဆဲနိုင်ငံရေးပါတီ ၅၄ပါတီရှိတယ်လို့ သိရပါတယ်။

 

နိုင်ငံအနှံ့ မြို့ပေါင်း ၉၅မြို့ထိ လက်လွှတ်ဆုံးရှုံးထားတဲ့ စစ်ကောင်စီဟာ ငလျင်ဘေးကြောင့် ပြည်သူတွေ ဒုက္ခဝေနေချိန်မှာ ရွေးကောက်ပွဲလုပ်ဆောင်ဖို့အတွက် ဆက်လက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။