တီးတိန်မှာ အသက်မပြည့်သေးတဲ့လူငယ် ၈ ဦးကို စစ်မှုထမ်းဖို့ ဇိုမီးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်

Author ဆလိုင်း
Categories
Published on Jul 08, 2024

ချင်းပြည်၊ တီးတိန်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ လူငယ် ၈ ဦးကို စစ်မှုထမ်းဖို့ ဇိုမီးတော်လှန်ရေးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံများက CJ Platform သို့ ပြောပါတယ်။

 

Zomi Revolutionary Army-Eastern Command (ZRA-EC)ဟာ ဇူလိုင်လ ၆ ရက်နေ့က တုန်းဇန်ကျေးရွာသို့ ရောက်ရှိလာကြပြီး ရွာထဲက လူငယ်တွေကို စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းပြီးနောက် မဲပေါက်တဲ့ အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြားရှိ လူငယ် ရှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ၎င်းတို့က ဆိုပါတယ်။

 

ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ လူငယ် ရှစ်ဦးဟာ အလယ်တန်းကျောင်းသားတွေဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“တစ်အိမ်တစ်ယောက်နှုန်းနဲ့ မဲနှိုက်ရတာဖြစ်တယ်။ မဲပေါက်တဲ့ ကလေးလူငယ် ရှစ်ယောက်ကိုတော့ စစ်မှုထမ်းဖို့ဆိုပြီး ခေါ်သွားတယ်။ အဲဒီလူငယ်တွေက ၁၃၊ ၁၄ နှစ်ပဲရှိသေးတယ်။ ကျောင်းတောင်မှ ၅ တန်း၊ ၆ တန်းတွေပဲ ရှိသေးတယ်။ ကလေးမိဘတွေက ဘာလုပ်ဘာကိုင်ရမှန်းမသိဘဲ စိတ်ပူလို့ ငိုယိုနေကြတယ်” လို့ ၎င်းက ပြောပါတယ်။

 

အခုလို အသက်မပြည့်သေးတဲ့လူငယ်တွေ ဖမ်းဆီးခံရတာကြောင့် တုန်းဇန်ကျေးရွာက ဒေသခံတွေ တခြားကျေးရွာတွေသို့ ခေတ္တထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

 

ချင်းလဲန်းကောင်စီ(CC) သိမ်းပိုက်ရရှိထားတဲ့ တွန်းဇံမြို့နယ်နဲ့ ကျီခါးမြို့တို့မှာလည်း ZRA-EC တပ်ဖွဲ့က စစ်မှုထမ်းဖို့ လူစာရင်းကောက်ခံသွားတယ်လို့ ကျီခါးမြို့ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ဝမ်ကျေးရွာ၊ တန့်စောက်လ်ကျေးရွာ၊ ခွာဒမ်ကျေးရွာနဲ့ တခြားကျေးရွာတွေမှာလည်း ZRA အဖွဲ့တွေက လာပြီး စစ်မှုထမ်းဖို့ လူစာရင်း ကောက်သွားပါတယ်။ လူကိုတော့ ခေါ်မသွားသေးဘူး။ စာရင်းကောက်သွားတဲ့ထဲ ကလေးလူငယ်တွေ အများကြီးပါတယ်” လို့ ၎င်းက ဆိုပါတယ်။

 

ZRA-EC တပ်ဖွဲ့ရဲ့ စစ်မှုထမ်းဖို့ လူစာရင်းကောက်ခံတာ၊ မဲနှိုက်ခိုင်းတာတွေကြောင့် တွန်းဇံ၊ ကျီးခါး၊ တီးတိန်မြို့နယ်တို့က ဒေသခံတွေဟာ စိုးရိမ်နေရတယ်လို့ သိရပါတယ်။

 

ဒီသတင်းတွေနဲ့ပတ်သက်ပြီး ZRA-EC တပ်ဖွဲ့ထံ CJ Platform က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

 

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ- ZRA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်