အညာဒေသနဲ့ ရန်ကုန်တော်လှန်ရေးအဖွဲ့တွေကို NUG နဲ့ ERO တွေ အာရုံစိုက်ပေးဖို့ ဒီးမော့ဆို PDF တိုက်တွန်း

Author မင်းထက်
Categories
Published on May 08, 2024

စစ်ကောင်စီကို တော်လှန်အောင်နိုင်ရေးမှာ အများကြီးအပြောင်းအလဲဖြစ်စေနိုင်တဲ့ နိုင်ငံအလယ်ပိုင်း အညာဒေသနဲ့ ရန်ကုန်တိုင်းက တော်လှန်ရေးအင်အားစုတွေကို NUG နဲ့ ERO တွေ အာရုံစိုက်ပေးဖို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားတယ်လို့ သိရပါတယ်။

 

မနေ့ မေ ၇ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဒီးမော့ဆို ထူထောင်တဲ့ သုံးနှစ်ပြည့် ကြေညာချက်ထဲ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ရန်ကုန်တိုင်းစတဲ့ နိုင်ငံအလယ်ပိုင်းက ပြည်သူ့ ကာကွယ်ရေးတပ်တွေရဲ့  စစ်ရေး၊ တိုက်ခိုက်ရေး၊ လက်နက်ခဲယမ်းအပါအဝင် လူအင်အားတွေဟာ စစ်အာဏာရှင်ကို ခုခံတော်လှန်အောင်နိုင်ဖို့အတွက် အများကြီးအပြောင်းအလဲဖြစ်စေနိုင်တာကြောင့် သက်ဆိုင်ရာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နဲ့ ဝါရင့် တိုင်းရင်းသားလက်နက်ကိုတပ်ဖွဲ့(ERO)တွေအနေနဲ့ ပိုမိုအာရုံစိုက်ပေးနိုင်ဖို့ ကြေညာချက်မှာ အကြံပြုထားပါတယ်။

 

စစ်အာဏာရှင် တော်လှန်တိုက်ပွဲဝင်နေတယ်ဆိုပေမဲ့ တချို့ တိုင်းနဲ့ ပြည်နယ်တွေဟာ လှုပ်ရှားရာနယ်မြေ၊ စစ်ဗျူဟာအရ ရင်ဆိုင်တိုက်ပွဲ ဖော်ဆောင်တာထက် ရှောင်တခင်ဝင်ရောက် ဖောက်ခွဲ၊ တိုက်ခိုက်မှုသာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထောက်ပြထားပါတယ်။

 

ဒီးမော့ဆို PDF စတင်တည်ထောင်တဲ့ သုံးနှစ်တာကာလအတွင်း ပြည်တွင်း/ပြည်ပရှိ မိဘပြည်သူတွေရဲ့ ထောက်ခံမှု၊ ထောက်ပံ့ကူညီလှူဒါန်းမှု၊ NUG ရဲ့ ထောက်ပံ့မှုနဲ့အတူ စစ်ကောင်စီတပ်ဆီကနေ သိမ်းယူရရှိတဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်ပွဲဖော်ဆောင်တာ၊ ပူးပေါင်းတိုက်ပွဲဝင်တာ၊ စစ်ကူပြီး တိုက်ပွဲဝင်တာတွေရောဆိုရင် တိုက်ပွဲပေါင်းရာချီပြီး ပါဝင်တိုက်ခိုက်ခဲ့တယ်လို့  ဒီးမော့ဆို PDF ရဲ့ တပ်ထူထောင်မှု သုံးနှစ်ပြည့် ကြေညာချက်ထဲ ပြောဆိုထားတယ်။

 

“ကျွန်တော်တို့ သုံးနှစ်အတွင်း တိုက်ပွဲပေါင်းရာနဲ့ချီရှိတယ်။ စစ်ကောင်စီဆီကနေ အရင်က ကျွန်တော်တို့ဟာ ကျွန်တော်တို့တိုက်ပြီး ရရှိထားတဲ့ လက်နက်က ၆၀ ကျော်နဲ့ တပ်ပေါင်းစုတွေနဲ့ တွဲတိုက်ပြီး  ခွဲတမ်းရတဲ့လက်နက်ကတော့ သုံးဆယ်လောက်ရှိမယ်” လို့ Domo – Local PDF ရဲ့ တာ၀န်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ဒီးမော့ဆိုအနေနဲ့  စစ်အာဏာရှင်စနစ် ပပျောက်ချုပ်ငြိမ်းဖို့၊ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့၊ ပြည်သူလူထုမှ ရွေးကောက်တင်မြောက်တဲ့ အစိုးရပေါ်ထွန်းဖို့၊ တန်းတူအခွင့်ရေး ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့နဲ့အတူ အရင်က ဆန္ဒပြတောင်းဆိုတဲ့ “ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး”၊ “ဖက်ဒရယ်ဒီမိုကရေစီရရှိရေး”ဆိုတဲ့အတိုင်း ဘယ်ကာလမှာ မဆို ပြည်သူ့အုပ်ချုပ်ရေးမှာ ဝင်ရောက်စွက်ဖက် နေရာယူမှာ မဟုတ်ဘဲ ပြည်သူကိုယ်တိုင် ဖော်ဆောင်တဲ့ အုပ်ချုပ်ရေးကို တတ်နိုင်တဲ့ဖက်က ဝန်းရံအကြံပြုတာ၊ ကာကွယ်စောင့်ရှောက်တာ  စတဲ့အချက်တွေကိုသာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။

 

ဓာတ်ပုံ –  DOMO Local PDF