နိုင်ငံတော် အတိုင်ပင်ခံနဲ့ တွေ့ခွင့်ပေးဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းက စစ်ခေါင်းဆောင်ဆီ တောင်းဆို

Published on May 08, 2024

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံခွင့်ပေးဖို့ စစ်ခေါင်းဆောင်ဆီ တောင်းဆိုခဲ့တဲ့အကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က တောင်းဆိုခဲ့တယ်လို့ သူ့လူမှုကွန်ရက်ကနေ ပြောပါတယ်။

 

မနေ့ မေ ၇ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လက်ရှိ ကမ္ဘောဒီးယား လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်တို့ အွန်လိုင်းကနေ တွေ့ဆုံမှုထဲ အဲဒီလိုတောင်းဆိုခဲ့တာဖြစ်တယ်လို့ ဟွန်ဆန်က ဆိုပါတယ်။

 

“သူ(စစ်ခေါင်းဆောင်)က စဉ်းစားမယ်လို့ပြောတယ်” လို့ ဟွန်ဆန်ရဲ့ လူမှုကွန်ရက်မှာ ပြောထားပါတယ်။

 

ဒါပေမဲ့ သူတို့နှစ်ယောက်တွေ့ဆုံမှုအကြောင်းရေးတဲ့ ဒီနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာတော့ အဲဒီအကြောင်းအရာ မပါဝင်ခဲ့ပါဘူး။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ထဲက ဖမ်းဆီးခံခဲ့ရပြီးနောက် ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခံထားရတဲ့အပြင် အခြားအမှုတွေကိုလည်း ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

 

ကနဦး နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နေပြည်တော်အချုပ်ထောင်မှာ ထားရှိခဲ့ရာကနေ ဧပြီလ ထဲမှာ စစ်ကောင်စီက နေရာပြောင်းရွှေ့ထားပေမဲ့ ဘယ်နေရာကို ပြောင်းရွှေ့ထားတယ်ဆိုတာ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

 

 

 

 

Related News

Depend on news