ဓားစာခံတွေကို ပြန်မလွှတ်ရင် အရှေ့အလယ်ပိုင်းတစ်ခုလုံး ငရဲလွှမ်းသွားမယ်လို့ ထရမ့်သတိပေး
ဟားမက်တွေအနေနဲ့ ဖမ်းထားတဲ့ ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး တကယ်လို့ မလွှတ်ပေးဘူးဆိုရင် အရှေ့အလယ်ပိုင်းတစ်ခုလုံး ငရဲလွှမ်းသွားမယ်လို့ အသိပေးလာပါတယ်။
ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ ရက်သတ်မှတ်ချက်ဟာ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် စတင်တာဝန်ယူမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့ဖြစ်ပြီး အဲဒီနေ့မှာ မျှော်လင့်ထားသလို ဖြစ်လာဖို့ တိုက်တွန်းထားပြီး မဖြစ်လာခဲ့ရင် ဘယ်သူ့အတွက်မှ မကောင်းဘူးလို့ ထရမ့်ရဲ့ ပြောစကားကို နိုင်ငံတကာသတင်းဌာနတွေက ကိုးကားဖော်ပြပါတယ်။
လက်ရှိမှာ ဒေါ်နယ်ထရမ့် ခန့်အပ်ထားတဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် Steve Witkoff က အစ္စရေး-ဟားမက် အပစ်ရပ်ဆဲရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်နေပြီး အခြေအနေဟာ အပေါင်းလက္ခဏာဆောင်နေပေမဲ့ စိန်ခေါ်မှုတော့ ရှိနေတယ်လို့ ဆိုပါတယ်။
ဘိုင်ဒင်အစိုးရလက်ထက် ဂါဇာမှာ အပစ်အခတ်ရပ်ဆဲရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ခဲ့ပြီး ဓားစာခံဒါဇင်ပေါင်းများစွာ ပြန်လွှတ်တာတွေ ရှိခဲ့ပေမဲ့ ကျန်ရှိနေတဲ့ ဓားစာခံတွေ ပြန်လွတ်ရေးအတွက် ဆွေးနွေးမှုကိစ္စတွေမှာတော့ ပြီးမြောက်တာတွေ မရှိသေးပါဘူး။
ဓာတ်ပုံ – X