◾နောက်ကလိုက်ကစားပြီး အနိုင်ရခဲ့တဲ့ နယ်သာလန်နဲ့ ပင်နယ်တီအဆုံးအဖြတ်နဲ့ ဆီမီးတက်လာတဲ့ အင်္ဂလန်  ◾ဆီမီးဖိုင်နယ်မှာ နယ်သာလန်နဲ့ အင်္ဂလန် ထိပ်တိုက်တွေ့

Author မောင်ရှမ်း
Categories
Published on Jul 07, 2024

ယူရို ၂၀၂၄ ရဲ့ကွာတားဖိုင်နယ်ပွဲစဉ်တွေကတော့ ပြီးဆုံးခဲ့ပါပြီ။ ယမန်နေ့ညနဲ့ ဒီကနေ့မနက်အစောပိုင်းတွေမှာ ကစားခဲ့ကြတဲ့ပွဲစဉ်တွေမှာ အင်္ဂလန်ကလည်း ဆွစ်ဇာလန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့သလို  နယ်သာလန်က တူရကီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်လာခဲ့ပါတယ်။ မနေ့ညက ပွဲပြီးအခြေအနေတွေကို CJ Platform က အကျဉ်းချုပ်ဖော်ပြအပ်ပါတယ်။

 

အင်္ဂလန် ၁ – ၁ ဆွစ်ဇာလန် (ပင်နယ်တီ ၅-၃နဲ့ အင်္ဂလန်အနိုင်ရ)

 

အင်္ဂလန်အသင်းဟာ ရှုံးထွက်အဆင့်မှာအသုံးပြုခဲ့တဲ့လူစာရင်းကို ပွဲပယ်ခံထားရတဲ့ ဂူဟီနေရာ ကွန်ဆာပါဝင်လာတာကလွဲပြီး အပြောင်းအလဲမလုပ်ဘဲ ပွဲထွက်လာပါတယ်။ ဆွစ်ဇာလန်ကလည်း သူတို့ရဲ့ အမာခံလူစာရင်းနဲ့ပဲ အင်္ဂလန်ကို ရင်ဆိုင်ခဲ့ပြီး နှစ်သင်းလုံးဟာ အမှားလုပ်မိမှာစိုးရိမ်နေတဲ့ ပုံစံပေါက်နေပြီး  ပထမပိုင်းမှာ ထိရောက်တဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုတွေကို မြင်တွေ့ရခြင်းမရှိပါဘူး။ ဒုတိယပိုင်းမှာတော့ နှစ်သင်းလုံးဟာ ဂိုးရဖို့ ကြိုးစားလာကြသလို ဦးဆောင်သွားနိုင်လောက်တဲ့ အခွင့်အရေးတွေလည်း ရရှိခဲ့ကြပါတယ်။ တကယ်တမ်းဂိုးရသွားခဲ့တာကတော့ ပွဲချိန် ၇၅ မိနစ်မှာဖြစ်ပြီး ညာခြမ်းက အနိမ့်ဘောဖြတ်ပို့ပေးတဲ့ဘောလုံးကို အမ်ဘိုလိုက အနီးကပ်ပိတ်သွင်းခဲ့တာပါ။

ဦးဆောင်ဂိုးပေးလိုက်ရတာနဲ့ပဲ အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ ကိုဘီမိုင်နူး၊ ထရစ်ပီယာနဲ့ ကွန်ဆာတို့ကိုထုတ်ပြီး လုခ်ရှော၊ အဇီးနဲ့ ပယ်လ်မားတို့ကို ထည့်သွင်းကာ တိုက်စစ်မြှင့်ခဲ့ပါတယ်။ မိနစ် ၈၀ အရောက်မှာတော့ ဆာကာက ဂိုးဧရိယာထိပ် ခပ်လှမ်းလှမ်းကနေ ဆွစ်ဂိုးသမားရဲ့ အဝေးတိုင်ထောင့်ကို လှလှပပကန်သွင်းကာ ချေပဂိုးရယူပေးနိုင်ခဲ့ပါတယ်။ မိနစ် ၉၀ အတွင်း အနိုင်အရှုံးမပေါ်ခဲ့သလို အချိန်ပို မိနစ် ၃၀ ကစားခဲ့ရာမှာလည်း ဂိုးမသွင်းနိုင်ခဲ့ကြလို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာတော့ အင်္ဂလန်ဘက်က ပယ်လ်မား၊ ဘယ်လင်ဟမ်၊ ဆာကာ၊ အိုင်ဗန်တိုနေးနဲ့ အာနိုးလ်တို့က အမှားအယွင်းမရှိ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ကြပေမယ့် ဆွစ်ဇာလန်ဘက်က အခန်းဂျိက လွဲချော်ခဲ့လို့ အင်္ဂလန်တို့ ဆီမီးဖိုင်နယ်တက်ရောက်သွားနိုင်ခဲ့ပါတယ်။

 

နယ်သာလန် ၂ – ၁ တူရကီ

 

နယ်သာလန်တို့အနိုင်ရပြီး နောက်တစ်ဆင့်တက်သွားနိုင်တယ်ဆိုပေမယ့် တကယ့်ကို ခက်ခက်ခဲခဲကစားခဲ့ရတဲ့ပွဲပါ။ တူရကီကလည်း သူတို့ရဲ့ မာကျောမှုကို ဆက်လက်ပြသနိုင်ခဲ့ပါတယ်။ ပထမပိုင်း ၃၅ မိနစ်မှာ အာဒါ ဂူလာရဲ့ ပေးပို့မှုကနေ ဆာမက်က ခေါင်းတိုက်သွင်းကာ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ နယ်သာလန်ဟာ ချေပဂိုးရဖို့ တောက်လျှောက်တိုက်စစ်ဆင်ကစားနေခဲ့ပြီး ဒုတိယပိုင်းအစမှာ ဘာ့ဂ်ဝင့်ချ်အစား ဗက်ဟော့စ်ကို ထည့်သွင်းခဲ့ပါတယ်။

နယ်သာလန်ရဲ့ ဖိအားပေးမှုတွေကို ခုခံနေခဲ့တဲ့ တူရကီရဲ့ ဆီမီးဖိုင်နယ်အိပ်မက်ဟာ ၆ မိနစ်အတွင်းမှာ ပျောက်ပျယ်သွားခဲ့ရတာပါ။ မိနစ် ၇၀ မှာ ဒီပိုင်းရဲ့ပေးပို့မှုကို ဒီဗာ့ဂျ်က ခေါင်းတိုက်သွင်းကာ ချေပနိုင်ခဲ့တာကြောင့် နယ်သာလန်တို့ အားတက်သွားပြီး ဆက်တိုက်ဖိကစားချိန် ၇၆ မိနစ်မှာတော့ နောက်ထပ်သွင်းဂိုးတစ်ဂိုး ရရှိသွားခဲ့ပြီး တူရကီနောက်ခံလူ မတ် မူလ်ဒါက ကိုယ့်ဂိုးကိုယ်သွင်းယူမိသလိုဖြစ်သွားခဲ့တာပါ။

 

ဦးဆောင်ကစားနေရာကနေ ၆ မိနစ်အတွင်း ၂ ဂိုးဆက်ပေးလိုက်ရတဲ့ တူရကီဟာ လက်ကျန်မိနစ်တွေမှာ ချေပဂိုးရနိုင်ဖို့ တိုက်စစ်ကစားသမားတွေ ထပ်မံထည့်သွင်းပြီး ဖိအားပေးခဲ့ပေမယ့်လည်း နယ်သာလန်က အနိုင်ရလဒ်ကို ထိန်းကာ ၂ ဂိုး၁ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ နယ်သာလန်ဟာ အင်္ဂလန်နဲ့ ဆုံတွေ့မှာဖြစ်ပြီး အဲဒီပွဲစဉ်ကိုတော့ ဇူလိုင် ၁၁ ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။

 

 

ဓာတ်ပုံ – UEFA EURO 2024%

 

Related News

Depend on news