ရန်ကုန်က ကျောင်းတွေမှာ နအဖခေတ်ပုံစံ ကျောင်းကျူရှင်တွေခေါ်ပြီး ဆရာ/ဆရာမတွေ ဝင်ငွေရှာ ကျောင်းသားမိဘတွေ မကျေနပ်

Author ကိုထားဝယ်၊ ကိုထက်
Categories
Published on Jun 07, 2024

ရန်ကုန်မြို့က စစ်ကောင်စီလက်အောက်ခံ အခြေခံပညာကျောင်းတွေမှာ ဆရာ/ဆရာမတွေက ကျောင်းကျူရှင်မတက်မနေရပုံစံ ကျောင်းသားနဲ့ မိဘတွေကို ဖိအားပေးမှုတွေရှိနေတယ်လို့ ကျောင်းသားမိဘတွေဆီကနေ သိရပါတယ်။

 

ဒါဟာ အရင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ နအဖခေတ် ကျောင်းတွေမှာ ဆရာ/ဆရာမတွေ ဝင်ငွေရှာခဲ့တဲ့ ပုံစံအတိုင်း ပြန်လည်လုပ်ဆောင်လာနေကြတာဖြစ်ပါတယ်။

 

KG တန်းကစလို့ အတန်းငယ်‌တွေကို ကျောင်း ဆရာ/ဆရာမတွေသင်တဲ့ ကျူရှင်ကို မတက်ရင် ကလေးကို တာဝန်မယူသလို ပြောဆိုရိုက်နှက်ဖိအားပေးတာတွေ လုပ်နေတာတွေကြောင့် ကျောင်းသားမိဘတွေဟာ မကျေမနပ်ဖြစ်နေကြပါတယ်။

 

“ဆရာမတွေကိုက သူတို့သင်တဲ့ကျူရှင်ပဲတက်ရမယ်ပေါ့။ မတက်တဲ့ကလေးကို ကျောင်းမှာ ဘာကိစ္စပေါ်ပေါ် တာဝန်မယူပေးနိုင်သလိုမျိုး ကလေးတွေကိုလည်းပြောတယ်။ မိဘတွေကိုလည်း ခေါ်ပြီးဖိအားပေးသလိုပြောတာတွေရှိတယ်” လို့ အ.မ.က ၉ မရမ်းကုန်းက Grade 3 ကျောင်းသားရဲ့ မိဘတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဒါကြောင့် မိမိသားသမီး ကျောင်းမှာ မျက်နှာမငယ်စေဖို့၊ သူများအနှိမ်မခံရစေဖို့၊ ဆရာ/ဆရာမ ရိုက်နှက်ဖိအားပေးခံရမှုတွေက ကင်းဝေးစေဖို့ ငွေကြေးမတတ်နိုင်ပေမဲ့ ကျောင်းကျူရှင် ပို့ခဲ့ရတယ်လို့ သူမက ဆိုပါတယ်။

 

“ဘယ်မိဘက ကိုယ့်သားသမီးကျောင်းမှာ ဖြစ်ချင်သလိုဖြစ်မှာမြင်ချင်မှာလဲ။ မတတ်နိုင်တဲ့ကြားက ထားရတော့တာပေါ့” လို့ မရမ်းကုန်းက မိဘက ပြောပါတယ်။

 

ရန်ကုန်မြို့က အဲဒီကျောင်းကျူရှင်လခဟာ အတန်းငယ်တွေဆို တစ်လကို ကျပ် ၂၅,၀ဝ၀ ကနေ ၃၀,ဝ၀ဝ အထိ တောင်းခံတယ်လို့ ကျောင်းသားမိတွေက ပြောပါတယ်။

 

“တစ်လကို ၂၅,၀ဝ၀ တဲ့။ အာဏာမသိမ်းခင်က ကျောင်းကျူရှင်ဆိုတာ ပျောက်သွားသလိုကိုဖြစ်သွားတာလေ။ အပြင်မှာပဲ ကျွန်မတို့က Guide ခေါ်သင်ရင်တောင် ကလေးက စာလိုက်နိုင်တယ်။ အခုက မတက်မနေရ အတန်းပိုင်က တစ်တန်းလုံးခေါ်တာ။ မတက်တဲ့ကလေးကို ကျောင်းမှာ ကိစ္စတစ်ခုခုဖြစ်ရင် လုံးဝတာဝန်မယူဘူးပြောတာ” လို့ အ.ထ.က ၅ လှိုင်သာယာမှာ Grade 6 တက်နေတဲ့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

 

ရွှေပြည်သာမြို့နယ်က အခြေခံပညာကျောင်းတွေမှာတော့ ဆရာ/ဆရာမတွေက ကျူရှင်ဖွင့်လှစ်သင်ကြားနေကြပေမဲ့ ကျောင်းသားမိဘတွေကို ဖိအားပေးတာမျိုး မရှိဘဲ တက်ချင်သူတွေသာ တက်ဖို့ ဆရာ/ဆရာမတွေက ပြောတယ်လို့ သိရပါတယ်။

 

“ကျွန်မသားနဲ့ သမီးကိုတော့ မထားနိုင်လို့ မထားဘူး။ ကျောင်းကျူရှင်ကို တက်တဲ့သူတွေတော့တော်တော်များတယ်။ အပြင် ဈေးသက်သာတဲ့ကျူရှင်မှာပဲ ထားထားတယ်” လို့ ရွှေပြည်သာမြို့နယ် အခြေခံပညာကျောင်းတစ်ခုမှာ သားနဲ့ သမီးကို အပ်နှံထားတဲ့ မိဘတစ်ဦးက ပြောပါတယ်။

 

ရွှေပြည်သာမှာ အတန်းငယ်တွေရဲ့  ကျောင်းကျူရှင်ခဟာ ကျပ် ၁၅,၀၀၀ ကနေ ၂၅,၀၀၀ အထိရှိတယ်လို့ ကျောင်းသားမိဘတွေဆီကနေ သိရပါတယ်။

 

ကျောင်းချိန်မှာ ယခင်ကအတိုင်း မနက် ၉ နာရီမှ ညနေ ၃ နာရီအထိ သတ်မှတ်ထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်က ကျောင်းဆရာ/ဆရာမတွေ ကျူရှင်သင်ပိုင်ခွင့်မရှိဘဲ ကျောင်းမှာသာ အချိန်ပိုသင်ရမယ်လို့ သတ်မှတ်ထားခဲ့တာပါ။

 

၂၀၂၄-၂၅ စာသင်နှစ်မှာ ကျောင်းအပ်နှံရာမှာ ငွေကြေးတစ်စုံတစ်ရာမကောက်ဖို့ စစ်ကောင်စီက တားမြစ်ခဲ့ပေမဲ့ ဆရာ/ဆရာမတွေက မလိုက်နာဘဲ ငွေကြေးကောက်ခံတာတွေလုပ်ခဲ့သလို ကျောင်းပြောင်းလာတဲ့ ကျောင်းသားအသစ်တွေကိုလည်း ကျပ်သိန်းနဲ့ချီပြီး ငွေကြေးတောင်းတာတွေ လုပ်တယ်လို့လည်း သိရပါတယ်။

 

အခုစာသင်နှစ်အတွက် စစ်ကောင်စီရဲ့ အခြေခံပညာကျောင်းတွေမှာ အပ်နှံသူဦးရေဟာ ပြီးခဲ့တဲ့စာသင်နှစ်ကထက် ကျောင်းသား/သူ တစ်သန်းခွဲကျော်လျော့ကျသွားတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ပညာသင်နှစ်မှာ စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေဆီ အပ်နှံသူ ကျောင်းသား/သူဦးရေ ရှစ်သန်းကျော်ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ၆ ဒသမ ၅ သန်းကျော်သာရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနရဲ့စာရင်းဇယားတွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့စာသင်နှစ်က ရှစ်သန်းကျော်အပ်ခဲ့တယ်ဆိုပေမဲ့ အမှန်တကယ်တက်ရောက်သူဟာ ခြောက်သန်းကျော်သာရှိခဲ့တယ်လို့ စစ်ခေါင်းဆောင်က ထုတ်ပြောခဲ့ပေမဲ့ ဒီနှစ်မှာတော့ ကျောင်းသား/သူ မည်မျှအထိ စစ်ကောင်စီကျောင်းတွေကို လာတက်ခဲ့သလဲဆိုတာတော့ စစ်ကောင်စီဘက်က ထုတ်ပြန်လာတာမရှိသေးပါဘူး။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ယခု ၂၀၂၄-၂၅ စာသင်နှစ် မန္တလေးက အခြေခံပညာကျောင်းတစ်ခုမှာတက်ရောက်နေတဲ့ ကျောင်းသား/ကျောင်းသူတွေကို တွေ့မြင်ရစဉ်