ရွာဘမှာ ပသုံးလုံး အမည်ခံပြီး ရွာဦးဆရာတော်ပါ ထွက်ပြေးရအောင် ရပ်ရွာကို မိုက်ကြေးခွဲနေသူတွေကို ဘယ်သူအရေးယူမှာလဲ ?
ရွာဘကျေးရွာသည် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အတွင်းက ချင်းတွင်းမြစ်ကမ်းကို မေးတင်ကာ တည်ဆောက်ထားသည့် ကျေးရွာကြီးတစ်ခုဖြစ်သည်။ တော်လှန်ရေးအင်အားစုတွေ စိုးမိုးဒေသဖြစ်သည့်အလျှောက် လွတ်မြောက်နယ်မြေတစ်ခုဟုလည်း ဆိုနိုင်သည်။
ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတစ်ခုအနေနှင့် နာမည်ကြီး ရွှေမျောလုပ်ကွက်များနှင့်လည်း မကင်း။
စစ်အုပ်စု စစ်ကြောင်းတွေ လက်လှမ်းမမီနိုင်သည့် နေရာဖြစ်တာကြောင့် သာယာသည်၊ လှပသည် ၊ အေးချမ်းသည်။ ရွာဦးဘုန်းတော်ကြီးကျောင်းနှင့် တင့်တယ်သည်။
ပြသနာအစသည် ရွာဦးဘုန်းကြီးကျောင်းမှ စတင်သည်ဟု ဆိုရလျှင် အေးချမ်းလှသည့် သာသနာ့နယ်မြေကို ထိခိုက်စေသော်လည်း ရွာဦးကျောင်းမှ စသည့် မီးဟု အမည်တပ်ချင်သည်။
“ရွာဦးကျောင်းက စသည့် မီး”
ရွာဦးကျောင်းဆရာတော်သည် အသက်ရွယ်ကြီးရင့်လှသည့် ဆရာတော်တစ်ပါးဖြစ်သည်။ ကပ္ပိယမရှိ ဆေးကွမ်းကမ်းဖို့ ကိုရင်ငယ်မရှိနှင့် ခက်လှသည်။ ညအချိန်များအတွက် ဆရာတော်၏ ကျန်းမာရေးအတွက် အချိန်ပြည့် ကပ္ပိယအဖြစ် ဒေသခံတွေမှာလည်း မစွမ်းကူနိုင်တာကြောင့် ဆရာတော်မှာ ကျေးရွာကို အကူညီတောင်းရသည်။
ရွဘကျေးရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပသုံးလုံးဖွဲ့စည်းပုံ အပြည့်အဝရှိသလို၊ ဒီမိုကရေစီသဘောတရားအရ လွတ်လပ်စွာ ဖွဲ့စည်းထားသည့် အဖွဲ့ဝင် ၁၄ဦးပါ ရပ်မိရပ်ဖသဖွယ် ဒေသအကျိုးပြု အဖွဲ့ငယ်တစ်ခုလည်း ရှိသည်။
ရွာဘကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ကို ဦးချစ်ဌေးဆိုသူက ဦးဆောင်သည်။ ဦးချစ်ဌေးသည် ရံဖန်ရံဖန် ဆရာတော်အတွက် ညစောင့် သွားရောက် အိပ်တတ်သည်။
ဆရာတော်ရဲ့ အကူညီတောင်းခံမှုအရ ကျေးရွာ ဆယ်အိမ်ခေါင်း၊ ဆယ်အိမ်စုခေါင်းဆောင်တွေနဲ့ အစုအဖွဲ့သည် ရွာဦးကျောင်းတွင် အလှည့်ကျ ညစောင့်အိပ်ရန် စီစဉ်ကြသည်။ ပထမဦးဆုံး အစုအဖွဲ့နှင့် ညစောင့်အိပ်ကြသည့် ဇန်နဝါရီ ၁ရက်နေ့မှာပင် ပဋိပက္ခစတင်ခဲ့သည်ဟု ဆိုနိုင်သည်။
ရွာဘကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့ဝင် နှစ်ဦး ပါဝင်တဲ့ အလှည့်ကျ ရွာဦးကျောင်းမှာ ညစောင့်အိပ်သည့် အဖွဲ့ထံကို ဦးချစ်ဌေး ရောက်လာခဲ့သည်။ ဒေသခံတွေ အဆိုအရ ဦးချစ်ဌေးသည် သာသနာ့နယ်မြေအတွင်းကို အရက်သရေစာ သောက်စားပြီးမှ ဝင်လာသည်ဟု ဆိုသည်။
သူ၏ လက်တစ်ဖက်မှာ သေနတ်ကတစ်လက်၊ နောက်လက်တစ်ဖက်မှာ လက်ပစ်ဗုံးကတစ်လုံးနဲ့ ဒေသခံတွေအဆိုအရ မြန်မာရုပ်ရှင်ကားထဲက သီဟတင်စိုးနှင့် တူသလိုလိုပင် ထင်ရသည်။
“ကျောင်းအိပ်စောင့်တဲ့ညကပေါ့ ၊ ဆယ်အိမ်ခေါင်း လှည့်စောင့်အိပ်တဲ့ညကပေါ့ ၊ သူကကျောင်းကိုလာတာ ၊ ဦးတို့က တစ်ညကို တစ်ခေါင်း ဆယ်အိမ်သားတွေနဲ့ပေါ့ကွာ အဲဒါကို သူကသွားလိုက်ပြန်လိုက်နဲ့ သေနတ်ကတဖက် ၊ လက်ပစ်ဗုံးက တစ်ဘက် သွားလိုက်ပြန်လိုက် နှစ်ခေါက်သုံးခေါက် လုပ်နေတာပေါ့ဗျာ။ ကျောင်းစောင့်အိပ်တဲ့သူတွေကို စိန်ခေါ်တာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဆရာတော်အတွက် ညစောင့်အိပ်နေသည့် အဖွဲ့က ဦးချစ်ဌေးရဲ့ ရန်ရှာမှုကို ဖြေရှင်းပေးဖို့ ကျေးရွာ ရပ်မိရပ်ဖအဖွဲ့လို့ သတ်မှတ်ထားတဲ့ ၁၄ဦးအဖွဲ့ကို ဖုန်းဆက် အကူညီတောင်းကာ ဖြေရှင်းပေးဖို့ အကူညီတောင်းသည်။
ညနက်အချိန်မှာ ရွာဦးကျောင်းဝန်းအတွင်း လူစည်ကားသွားခဲ့သည်။ ညစောင့်အိပ်အဖွဲ့အတွင်း ပလဖ အဖွဲ့ဝင် နှစ်ဦးလည်း ပါဝင်နေတာကြောင့် အများဆုံးဖြတ်ချက်ဖြင့် ပလဖ အဖွဲ့ဝင် နှစ်ဦး ဦးဆောင်ကာ ဦးချစ်ဌေးကို ဝိုင်းဝန်းဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်ကာ ထိန်းသိမ်းခဲ့ကြသည်။
အုပ်ချုပ်မှု ဖွဲ့စည်းပုံအရ ဦးချစ်ဌေး၏ ဖြစ်စဉ်ကို ဒေသခံတွေက မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒုတာဝန်ခံဖြစ်သူ ဦးဇော်မင်းထံ ဆက်သွယ် အကြောင်းကြားကြသည်။ ညနက်အချိန်မှာပင် အရေးယူဆောင်ရွက်မှုကို ချက်ခြင်း ဆောင်ရွက်သည်ဟု ဆိုနိုင်မည်လား ဦးဇော်မင်း ကိုယ်တိုင် ဦးဆောင်ကာ ဦးချစ်ဌေးကို လာရောက် လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဒေသခံများအတွက် အေးချမ်းသွားပြီဟုဆိုကာ တစ်ညတာကို ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့သော်လည်း ကြီးမားသည့် ပဋိပက္ခသည် ဇန်နဝါရီ ၂ ရက်နေ့ ည ၇နာရီခန့်တွင် စတင်ခဲ့သည်။
ရွဘကျေးရွာ ပအဖ တာဝန်ခံ ဦးချစ်ဌေးကို ဖမ်းဆီးခေါ်ဆောင်သွားမှုကို ကျန်ရှိသည့် ပသုံးလုံးအဖွဲ့ဝင်တွေဖြစ်တဲ့ ပလဖ၊ ပကဖတို့ မကျေနပ်ကြ။ ရွာဘကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ခံလည်းဖြစ်သူ ချင်းတွင်းမြစ်ရိုးအထက် ပလဖအဖွဲ့ရဲ့ ဒုတာဝန်ခံလည်းဖြစ်သူ ဦးအေးလွင်က ပသုံးလုံးအဖွဲ့ဝင် ၅၀ခန့်နှင့် ကျေးရွာကို ဝင်ရောက် စီးနင်းကြသည်။ ဒေသခံတွေ၏ အဆိုအရ ကျေးရွာအဝင်မှာပင် သေနတ်အချက်ပေါင်းများစွာ ပစ်ဖောက်ကြသည်ဟု ဆိုသည်။ မြန်မာရုပ်ရှင်ဇာတ်ကားများမှ ဓားပြများ ကျေးရွာအတွင်း ဝင်ရောက်လာသည့် မြင်ကွင်းနှင့်ပင် ခပ်ဆင်ဆင်တူသည်ဟု ဒေသခံများဆိုသည်။
“မြစ်ကြောင်းကစတက်ကတည်းက ပစ်ပြီးဝင်လာတာရယ်။ ဖောက်တဲ့သေနတ်ကတော့ပြောမနေနဲ့ကွာ ဆက်တိုက်ပစ်နေတာ”လို့ အခြား ဒေသခံတစ်ဦးက ပြောသည်။
ရန်သူ့စစ်ကြောင်းကို နှိမ်နင်းနိုင်ရန် ကျည်ဆံ မလုံလောက်သည့် အခြေအနေတစ်ခုတွင် ပြည်သူများ၏ အလှူငွေများဖြင့် ဝယ်ယူထားသည့် ကျည်ဆံများအား နှစ်သစ်ကူး ဗျောက်အိုးဖောက်သလို လုပ်ရပ်သည် ဒေသခံများအတွက် ရင်နာစရာ။
ဦးအေးလွင် ဦးဆောင်သည့်အဖွဲ့ လာရောက်ရသည့် အကြောင်းရင်းသည် ဦးချစ်ဌေးကို ဖမ်းဆီးပေးခဲ့သူ ကျေးရွာ ပလဖအဖွဲ့ဝင် နှစ်ဦးကို ဖမ်းဆီးရန်ဖြစ်သည်ဟုဆိုသည်။ မြို့နယ်အထက်အရာရှိကိုယ်တိုင် ကွင်းဆင်း အရေးယူသွားသည့် ဖြစ်စဉ်တွင် မည်သည့်အရာက မှားယွင်းနေသည်ကို ဒေသခံများ မဆုံးဖြတ်တတ်။
ဒေသခံများဘက်မှ ရပ်တည်ခဲ့သည့် ပလဖ အဖွဲ့နှစ်ဦးကို ဒေသခံများကိုယ်တိုင် ကာကွယ်ကြသည်။ ၎င်းတို့ မှန်သည်။ ဖမ်းဆီးရန် မသင့်ဟု ဝိုင်းဝန်းအရေးဆိုသည်။ ဦးအေးလွင်နှင့်အဖွဲ့က လက်မခံ သေနတ်များဖြင့်ပါ ပစ်ခတ်သည်။ ထို့ကြောင့် ဒေသခံ သုံးဦး သေနတ်ကျည်မှန် ဒဏ်ရာ ရရှိခဲ့သည်။ ဝိုင်းဝန်း လုံးထွေးစဉ် ဦးအေးလွင်ကိုယ်တိုင်လည်း ညာပုခုံးတွင် နှစ်လက်မခန့် ဓားဒဏ်ရာ တစ်ချက်၊ ညာတင်ပါးတွင် ဓားဒဏ်ရာတစ်ချက် ရရှိခဲ့သည်။
ပသုံးလုံးတွင် ဘယ်အဖွဲ့ကလဲ ဘုရားလဲဟု မဆိုတတ် အကုန်တန်ခိုးကြီးကြသည်။ ကျေးရွာ ပလဖအဖွဲ့ဝင် နှစ်ဦးကို လာရောက်ဖမ်းဆီးသည်မှာ မင်းကင်းမြို့နယ် ပလဖအမိန့်ဖြင့် လာရောက် ဖမ်းဆီးခြင်း ဖြစ်သည်ဟုဆိုသည်။ ပြည်သူ့အလှူငွေဖြင့် ဝယ်ယူထားသည့် ကျည်ဆံများကို ပြည်သူ့ထံ ပစ်ခတ်လက်ဆောင်ပေးခြင်းကိုမူ မြို့နယ် ပအဖကိုယ်တိုင် ခွင့်ပြုခဲ့လေသည်ဆိုသည်ကိုလည်း ဒေသခံများ သိချင်ကြသည်။
“ဦးအေးလွင်က ရွာဘကျေးရွာ ပလဖ တာဝန်ခံပါ ရွာဘကျေးရွာ ပအဖကို ဖမ်းဆီးတဲ့ကိစ္စမှာ ရွာသားတွေနဲ့အတူပါဝင်တဲ့ ရပ်ကျေး ပလဖ အဖွဲ့ဝင် ၂ဦးကို မြို့နယ်ပလဖ အမိန့်နဲ့သွားခေါ်တဲ့အချိန်မှာပဲ ရွာသားတွေနဲ့ ပလဖ အဖွဲ့ဝင်၂ ဦးက ပြန်ခုခံကြလို့ ဦးအေးလွင်က ဓါးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်”ဟု မင်းကင်းမြို့နယ် ပအဖ ခေါင်းဆောင် ဦးဝင်းမင်းစိုးက ဆိုသည်။
ယင်းသို့ ကျေးရွာကို ဝင်ရောက် စီးနင်းရသည့် အကြောင်းမှာ ရွာဘကျေးရွာတွင် ဖွဲ့စည်းထားသည့် ၁၄ဦးပါ ရပ်မိရပ်ဖအဖွဲ့ကို ဦးတည်ဟု ဒေသခံများက ဆိုသည်။ ရပ်မိရပ်ဖအဖွဲ့သည် တရားမဝင်အဖွဲ့အစည်းဖြစ်သည် ယင်းအဖွဲ့သည် ဦးချစ်ဌေးကို ဖမ်းဆီးစဉ်တွင် ပါဝင်ခဲ့မှုအပေါ် ကျေးရွာ ပသုံးလုံးရဲ့ တိုင်ကြားချက်အရ ဝင်ရောက်စီးနင်း ဖမ်းဆီးရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒီမိုကရေစီရရှိရေး ကြွေးကြော်ကာ စစ်အုပ်စုကို တော်လှန်နေသည့် အဖွဲ့အစည်းတစ်ခုတွင် ဒေသခံအဖွဲ့အစည်းတစ်ခုကို တရားဝင်ခြင်း မဝင်ခြင်း မည်သို့ ဆုံးဖြတ်သည်ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကိုယ်တိုင် ဖြေကြားရတော့မည့် အဖြစ်ပင်။
တရားမဝင် အဖွဲ့အစည်းတစ်ခုပင် ဖြစ်စေ အာဏာသိမ်းစစ်အုပ်စု၏ လုပ်ဆောင်ချက်ကဲ့သို့ လက်နက်အားကိုးကာ ဝင်ရောက် စီးနင်းသည့် ဖြစ်စဉ်သည် မေးခွန်းထုတ်စရာဖြစ်သည်။
ရပ်မိရပ်ဖ အဖွဲ့ကတော့ ကျေးရွာကနေ ကြိုတင်တိမ်းရှောင်ကာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုထံ သွားရောက် ခိုလှုံနေခြင်းကြောင့် ဖမ်းဆီးခြင်း မခံခဲ့ရ။ ကျေးရွာသားတွေလည်း ထွက်ပြေးကြရလေပြီ။
“ဆရာတော်ပါ ပြေးရလေပြီ”
ဇန်နဝါရီ ၃ ရက်နေ့သည် ရွဘကျေးရွာသားများ အမဲလိုက်ခံရသည့် နေ့ရက်တစ်ခုဖြစ်သည်။ မြို့နယ်အမိန့်ကြောင့်ဟုဆိုကာ ကျေးရွာအတွင်း ပသုံးလုံးတပ်ဖွဲ့ဝင်များ တပ်စွဲကြသည်။ ရွာဦးကျောင်း ဆရာတော်လည်း ထွက်ပြေးရသည်။ ဒေသခံတွေလည်း ထွက်ပြေးရသည်။ မဲမဲမြင်သမျှ ဖမ်းဆီးသည်ဟု ဆိုသည်။ မီဒီယာတွေကို သတင်းထွက်ပေါ်စေသည်ဟုဆိုကာ စတားလင်ခ့် ဝိုင်ဖိုင်များကိုပါ ပိတ်သိမ်းစေသည်။ စစ်အုပ်စုထံမှ သင်ကြားတတ်မြောက်ခဲ့သည့် နည်းလမ်းတွေများလားဟု မေးခွန်းထုတ်စရာပင်။
“သူတို့ဖမ်းမယ် သတင်းရပြီဆိုတည်းက ထွက်ပြေးရတာ ရွာထဲကဟာတွေ။ အယောက် ၇၀ လောက်လာတယ် ။ဆယ်အိမ်မှူးတွေ ၊ ရပ်မိရပ်ဖတွေနဲ့ အမျိုးသမီးတွေ ကလေးတွေ ပါပါတယ် ထွက်ပြေးကြရတယ်။ ထွက်ပြေးပြီး တောထဲမှာနေကြရတယ်။ သူတို့ ( ပသုံးလုံး ) က ရွာထဲမှာနေပြီး တောထဲကို ဒရုန်းလွှတ်ပြီးရှာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံ အမျိုးသားတစ်ဦး အဖမ်းခံရသည်။ လာရောက် အဖမ်းမခံသည့် ဒေသခံတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်မည်ဟု ဆိုသည်။ သုံးရက်အတွင်း ပြန်မလာကြရင် ပစ်ခတ်ဖမ်းဆီးမည်ဟု ဆိုသည်။ စစ်အုပ်စု၏ လုပ်ရပ်နှင့်မခြား။
ဇန်နဝါရီ ၅ရက်နေ့မှာတော့ ရွာဘရွာရဲ့ ရပ်မိရပ်ဖအဖွဲ့ကို မင်းကင်းမြို့နယ် ပလဖက အစည်းအဝေးဟုဆိုကာ ဆင့်ခေါ်မှုကြောင့် သွားရောက်ခဲ့ကြသည်။ အစည်းအဝေးဆိုသည့် အရာကို ရပ်မိရပ်ဖအဖွဲ့ မကြုံတွေ့ရဘဲ အချုပ်ထောင်အတွင်း ရောက်ရှိသွားကြသည်။ ပဋိပက္ခအစ ဦးချစ်ဌေးကတော့ ရွာဘကျေးရွာအတွင်း အသွားအလာမပျက်။
ရွာဘရွာအတွင်းမှာလည်း ဟိုလူခေါ်အစစ်ခံရ ဒီလူခေါ်အစစ်ခံရ၊ မသင်္ကာဟုဆိုကာ ဖမ်းဆီးခံရနှင့် ကျားကြောက်လို့ ရှင်ကြီးကိုးကာမှ ရှင်ကြီးကျားကိုက်ခြင်းကို ခံကြရသည်။
အရင်းစစ်တော့ ရွာဘရွာ၏ ရပ်မိရပ်ဖအဖွဲ့သည် ကျေးရွာပသုံးလုံး၏ ရွှေမျှောတူးဖော်ရေးလုပ်ငန်းများကို ကန့်ကွက်ခဲ့ဖူးသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံများနှင့် ရွာဘကျေးရွာ ရပ်မိရပ်ဖအဖွဲ့သည် ပသုံးလုံးအပေါ် ပြစ်မှုကျူးလွန်ကောင်း ကျူးလွန်မိနိုင်သည် သို့သော် ၎င်းတို့ လက်ဝယ်တွင် လက်နက်မရှိ အာဏာမရှိ လူအင်အား နောက်လိုက် မရှိကြ။ လက်နက်ရှိသည်သူ အရပ်သားပြည်သူများအပေါ် မည်သို့ ဆက်ဆံရမည်ကို အတိအကျ ပြဌာန်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရသည် ယခုဖြစ်စဉ်အပေါ် ကူညီဖြေရှင်းပေးရန် ရွာဘဒေသခံများမှ အလိုရှိနေသည်။
